နင် နဲ့ ငါ နဲ့ စက္ကန့်ဝက်

လိုလိုလားလား တန်ပြန်မှုကို မလိုလားဘူး
ဒါပေမယ့်
ငါ
လုံလုံလောက်လောက် ရိုးသားခဲ့တယ်။

မိုးတွေ ပွင့်တဲ့ နေ့လောက်ရောက်ရင်တော့
ငါ မျှော်ချင်ရဲ့လက်တို့ ဖြစ်နေတာတွေကို
လောက်လောက်လားလား မြင်ရုံလောက်တော့ ရကောင်းရဲ့။

ဘာပဲဖြစ်ဖြစ်ပါလေ .....။

ငါဆိုတာ
မင်းရဲ့ မျက်နှာရိပ် မျက်နှာကဲနဲ့
ကဗျာ တစ်ပုဒ် ရဲ့ ထွက်သက်ဝင်သက်လောက်ကိုပဲ
ရှုတတ်တဲ့ ကောင်ဆိုတော့ လူတွေ လိုတဲ့ နေ့နဲ့ ... ဝေးချင်ဝေးမှာပေါ့။

မကြောက်နဲ့ ချစ်သူ
ငါခြေထောက်နှစ်ချောင်းမှာ အသက်ရှင်ရတဲ့အကြောင်းတွေ အတိအကျပါတယ်
ဟောဒီ ငရဲလို လောကမှာ ပန်းဥယျာဉ် ထုဆစ်ပျိုးချမယ်။

ငါကို ယုံပါ
ယုံလိုက်စမ်းပါကွယ်
ပုရပိုက်တွေ၊ ပေရေချပ်တွေမှာ
လက်မှတ်တွေ၊ စာချုပ်တွေထက်
ငါနှုတ်ထွက်က ရဲရဲ မြဲမြဲ ရှိတယ်ဆိုတာ ယုံလိုက်စမ်းပါ။

ငါတို့ တည်ခဲ့တဲ့ ပထမနေ့က ထာဝရနေ့ ။။။

- နေနှင်းစက် -

ပွဲ

ပွဲ

ငါ့ကိုငါ နှုတ်လှန်ထိုး
ရိုးရိုးလေးပြောရရင်
အနှုတ်နတ်ဘုရားက ငါ့ကို ကျိန်စာတိုက်
အမိုက်မှောင်ထဲမှာ ငရဲအထပ်ထပ်ကျ
ဘယ်သူ့ဘ၀က ငါနဲ့ က ပြနေရမှာလည်း ....

နေနှင်းစက်

ဒီကဗျာကို ဆက်ကဗျာရင် ကဗျာ

ဒီကဗျာကို ဆက်ကဗျာရင် ကဗျာ

ကဗျာသာတုန်း ကဗျာငင်
ကဗျာရွာတုန်း ကဗျာခံ
ကဗျာရှိခိုက် ကဗျာစိုက်
ကဗျာပေါက်နဲ့ ကဗျာကောက်တော့
ကဗျာငတ်တုန်း ကဗျာတွင်းထဲကျ
ကဗျာထပ် ကဗျာညှပ်တွေစိုက်
ကဗျာကြားထဲ ကဗျာညပ်
ကဗျာချင်တဲ့ ကဗျာ ကဗျာပြောင်း
ကဗျာလုံးခေါင်းထဲ ကဗျာသာ
ကဗျာ မပြောင်း ကဗျာကောင်းမဖြစ်
ကဗျာအသင်းနဲ့ ကဗျာ အသင်းနဲ့ ကန်တဲ့ပွဲမှာ
ကဗျာအသင်းရဲ့ ကဗျာနံပါတ် ကဗျာက
ကဗျာအသင်းရဲ့ ကဗျာပေါက်ထဲကို ကဗျာလုံးတွေ ကန်သွင်း
ကဗျာအသင်းခမျာ ကဗျာ မတတ်တော့လို့ ကဗျာရည်တွေနဲ့ ကဗျာကြ
ကဗျာနေ့က ကဗျာစကားပြောပြီး ကဗျာဗျူးဖြေ
ကဗျာအုတ်မှာ ကဗျာထိုးပြီး
ကဗျာမိုးရှင်းချ
ကဗျာဖို ကဗျာမ ကဗျာစကားပြော ကဗျာစာရေး ကဗျာဖြေပေးတော့ ကဗျာတွဲဖြစ်
ကဗျာမွေး ကဗျာကြီး ကဗျာဂျီး(ချေး) တွေ တက်ကပ်ကြ
ကဗျာရောင်တွေကို ကဗျာနဲ့ ကဗျာတံ့ပေါ်ပစ်တင်
ကဗျာယောင်တွေ ကဗျာယောင်ယောင်လာ
ကဗျာကန်ကြီးထဲ ကဗျာကြီး ကဗျာချတော့
….. ….. …… ကဗျာ ….. ….. ……

နေနှင်းစက်

ခရီးသွားစက္ကူများ

ခရီးသွားစက္ကူများ

ဒါဟာ ကြားဖူနေကျစကားတစ်လုလား
ကြာပွင့်တွေနဲ့ ကောင်းကင်ဆိုရင်
အဲဒီစကားမှာ လွန်ကျူမှုတွေ ရှိတယ်။
ကတ်ကြေးတစ်လက်ရဲ့ ရာဇ၀င်အကြောင်း
ငါ့တို့ စကားမစပ်ဖြစ်ခဲ့ကြ။
“ရာဇ၀င်” ရေ …..
နင့်ရဲ့ ရွာရန်ရာနှုန်းထက်
ငါက ပိုပြီး အပူအပင် ကင်းချင်တဲ့ကောင်။
စည်းစိမ်သက်ဝင်မှုတွေထဲ
ငါ့အခန်းကဏ္ဍက နင့်စီမှာ တစ်ဖြေးဖြေး ၀ါးမှုန်ဝေဖျော့
၃ နဲ့ ၄ တွေလောက်ပဲ ဝေး
ဘယ်သူကမှ ဆွေးမြေ့စေကြောင်း
ဆုမတောင်းခဲ့ လောက်ပါဘူးလေ။
နင့်မျက်စောင်းတစ်ခြမ်းမှာ ငါ့ဘ၀က
ကံမကောင်း အကြောင်းမလှသမျှပေါ့။
ငါ့လက်တွေ မီးမြိုက် မသတ်နဲ့ “ရာဇ၀င်”
တယောမထိုးတတ်ပေမယ့်
ငါ့ မြို့ရိုး ကျိုးသွားပုံကို
ဘယ်လို သောကနဲ့ မှ ငါလှည့်မကြည့်ဘူး။
ဒီမှာ ရာဇ၀င်
ငါတို့ ပျိုးတဲ့ လမ်းက နင်တို့နဲ့ ခပ်လှမ်းလှမ်းမှာ လန်းထားတယ်။
သေမှုသေခင်းမပြဘဲ ငါထွက်သွားမယ်။
သေတမ်းစာမှာ
ဘယ်သူမှ မဖတ်ဖို့ အထပ်ထပ်ရေး
တကယ်တော့ ဘယ်အရာမှာမဆို
တံခါးတွေ ဓါးတွေ ရှိနေကြတုန်းပဲ။
ငါ့ကိုငါ အားမရတဲ့အခါ
အသံစူးစူးတွေ တဝေါဝေါပြေးလွှား
ဒီနားနဲ့ ကြားတဲ့ ဒီစကား ဒီနားမှာတင် ပျောက်သွားတယ်။
တစ်နေ့လာ တစ်နေ့ပြန်
နောက်ပြီး နောက်တစ်ရက်
ငါကျွမ်းတစ်ဝက်ထိုးပြီး ဘောလုံးပွဲကြည့်တယ်။
မွန်တီလီဗို ကန်ချက် တိုင်ထိပြီး ထွက်သွားတုန်းက
ငါနင့်ကို သတိမရတာ သေချာတယ် “ရာဇ၀င်”
စကားလုံးနဲ့ ခင်းထားတဲ့ လမ်းပေါ်
စကားလုံးနဲ့ လျှောက်
စကားလုံးတွေ ပျောက်သွားတော့
စကားလုံးနဲ့ ပြန်ကောက်
ဒါနဲ့ပဲ စကားလုံး ခရီးမရောက်ပြန်ဘူးပေါ့။

နေနှင်းစက်

အဆောင် ၂၆ အခန်း ၂၆

အဆောင် ၂၆ အခန်း ၂၆

ဘယ်လိုခေါက်ခေါက်
ဒေါက်ဒေါက်ဒေါက် မမြည်တဲ့ တံခါးကနေ
ငါဝင်ခဲ့ပါ့မယ်။

ရက်ရာဇာရဲ့ အသက်ရှူသံကို တစ်ယောက်တစ်လှည့်ဖေးမ
ငါတို့ လမ်းက ခရီးဆန်းမဟုတ်လို့
ခလုတ်တော့ မကင်းဘူး …..။

တစ်လှည့်စီအရိပ်ပေးရင်း
အဝေးဆုံးအထိပေါ့ကွယ် ။
ဒီခေတ်ကြီးက ကိုယ့်ရေကိုချိုးပြီး
သူများကို ခြေထိုးချင်တဲ့ ခေတ်။

သတ္တုနံ့တွေနဲ့ ရပ်ကွက်
နောက်ပြီး
စက္ကူစုတ်ကို ထမင်းလို ထုတ်စားသူတွေရဲ့
အရေခွံ့လဲမှုနဲ့ ဝေးဝေးကို သွားမယ်။

ရင်ဝှက်အံဆွဲရေ ……
ငါ့ရင်မှာ ခိုပြီး ရဲရဲကြီး ၀ဲသွားလိုက်ကြစို့။

နေနှင်းစက်

စက္ကူစားကြသူများ

စက္ကူစားကြသူများ

ဘ၀ပေးကုသိုလ်ကောင်းတဲ့သူတွေက
စက္ကူလေယာဉ်ပျံကြီးစီး
ခရီးတွေသွားကြတယ်။
စားပွဲသောက်ပွဲတွေကို
ကုန်အောင်မစားကြဘူး။
ငါးမန်းတောင်ဟင်းချိုနဲ့ ၀ိုင်နီတွေသောက်တယ်။
အအေးခန်းထဲ ခေါင်းတလှုပ်လှုပ်
ဘီးတပ်ကုလားထိုင်ပေါ် ပါးစပ်တလှုပ်လှုပ်
သူတို့ တံခါးဖွင့်ဖို့လက်မလိုဘူး
သူရဲ့ မဒမ် ပိုကာဝိုင်းသွားတယ်
သူ့သမီးငယ် ပါတီတတ်တယ်
အရံ လူမငယ်တွေနဲ့ သီချင်းတွေ ဆိုကြ
ညအိပ်ဝတ်စုံက သက်ရှိတွန့်ခေါက်တောင်တန်းများ
တစ်ညနဲ့ နောက် တစ်ည
ကုတင်ပေါ်က ကောက်ကြောင်းပြောင်းပြောင်းသွားတယ်။
သူ့ခေါင်းတွေ သေးသေးလာတယ်။
သူ့လက်တွေ ကြီးလာတယ်။
ခန္ဓာဗေဒ ကမ္ဘာကြီးနဲ့ တူတူလာ
ခြေနှစ်ချောင်းက ကျုံလီ
ဘ၀ပေးကုသိုလ်ကောင်းသူတွေက
စက္ကူတွေစားပြီး မြေကြီးထဲသွားကြတယ် …..

နေနှင်းစက်

ကဗျာရှည်

ကဗျာရှည်

စကားလုံးများများ၊ စာမျက်နှာများများ၊ လိုင်းများများရေးလို့ ခင်ဗျားကဗျာရှည်သွားပြီထင်နေလား။ ကဗျာရှည်ရှည်ရေးဖို့ လျှာရှည်ရှည် စကားရှည်ရှည်၊ အလုပ်ရှည်ရှည်၊ အရပ်ရှည်ရှည်၊ အတွေးရှည်ရှည်၊ တဆိတ် ခင်ဗျား လက်တန်ခြေတန်တွေ ရှည်လွန်းတယ်။ ဒီနေရာမှာ ကြားဖြတ်ပြောချင်တာက ခင်ဗျာ နဲ့ ကျုပ် ကိစ္စ။ ခင်ဗျားဘယ်သူလည်းဆိုတဲ့ ကိစ္စ။ ကျုပ်ဘက်ကကြည့်ရင် ခင်ဗျားက ခင်ဗျား ကျုပ်က ကျုပ်၊ ကျုပ်ဘက်က မကြည့်ဘဲ ခင်ဗျားဘက်ကကြည့်တော့ ခင်ဗျားက ကျုပ် ကျုပ်ကခင်ဗျား၊ ကျုပ်နဲ့ ခင်ဗျားကြားမှာ ကဗျာရှိရင် ကျုပ် ကဗျာ ခင်ဗျား ခင်ဗျား ကဗျာ ကျုပ် ကျုပ် နဲ့ ခင်ဗျားက ခင်ဗျား ကဗျာက ကျုပ် ကျုပ် နဲ့ ခင်ဗျားက ကျုပ်က ကဗျာက ခင်ဗျား ကဗျာနဲ့ ခင်ဗျားက ခင်ဗျား ကျုပ်က ကျုပ် ကျုပ်နဲ့ ကဗျာက ခင်ဗျား ခင်းဗျားက ကျုပ်၊ ဒီလိုဆိုရင်လည်း ရှုပ်နေတဲ့ ကိစ္စကို ဒီတိုင်းထားလိုက်မယ်။ ဆက်ပြီးတော့ ပြောမယ် ကဗျာရှည်၊ ကဗျာတို ကိစ္စဆက်မယ်။ “ ကဗျာ တို/ရှည် တစ်ပွဲလောက် ” “ ဟင်းနဲ့လား သကြားနဲ့လား ” “ အချို လျော့လိုက်တာပေါ့ဗျာ ” ဒီစာမျက်နှာကျော် ဟိုစာမျက်နှာရောက်ရင် ဒီစာမျက်နှာက ဟိုစာမျက်နှာဖြစ်ပြီး ဟိုစာမျက်နှာက ဒီစာမျက်နှာဖြစ်သွားမယ် ဒီစကားမျက်နှာပေါ်က ဒီစာကြောင်းတွေ နဲ့ အကြောင်းအရာတွေက ဟိုစာမျက်နှာပေါ် ရောက်မလာဘဲ ဟိုစာမျက်နှာဖြစ်သွားတဲ့ ဒီစာမျက်နှာပေါ်မှာ ဒီအကြောင်းတွေက ဟိုအကြောင်း အဖြစ်နဲ့ ကျန်ခဲ့ပြီး ဟိုစာမျက်နှာက ဒီစာမျက်နှာဖြစ်ပြီး ဒီအကြောင်းအရာဆိုတဲ့ ဟိုအကြောင်းအရာ အသစ်တွေကို မြင်ရပြီး ဟိုအကြောင်းအရာဖြစ်မယ့် ဒီအကြောင်းအရာက အဟောင်း ဖြစ်သွားမယ်။ အမြင်ရှည်ရှည်မြင်ကြ။ ဒါလိုအပ်ချက် အရည်အချင်းလား လုံးဝ မဖြစ်နိုင်ဘူး။ ငါ မထောက်ခံဘူး မိတ်ဆွေ။ အကြည့်တွေ ရှည်ရှည်။ အသံတွေရှည်ရှည်။ သတိရှည်ရှည်။ အိပ်မက်ရှည်ရှည်ထဲ။ ဆံပင်ရှည်ရှည်၊ လက်သည်းရှည်ရှည်၊ အရပ်ရှည်ရှည်၊ လက်တန်သွယ်သွယ် ရှည်ရှည်၊ ငါမမြင်ဘူးတဲ့ ကောင်းမလေး အလှရှည်ရှည်၊ သူမ လမ်းမရှည်ရှည်ပေါ်က တိုက်ခန်းရှည်ရှည်ထဲ ထိုင်ခုံရှည်ရှည်ပေါ်မှာ စန္ဒရား မည်းမည်းရှည်ရှည်ကြီးပေါ်က ခလုတ် ဖြူဖြူ မဲမဲ တိုတို ရှည်ရှည်လေးတွေပေါ် လက်ချောင်း ရှည်ရှည် ဖြူဖြူ လက်သည်းရှည်ရှည် မဲမဲလေးတွေနဲ့ သီချင်းရှည်ရှည် တစ်ပုဒ်ကို အလွမ်းရှည်ရှည်လွမ်းလိုက် အသံရှည်ရှည်ဆွဲလိုက်။ ဒီလိုနဲ့ ဆံပင် မည်းမည်းရှည်ရှည်တွေ ရှည်ရှည်လျားလျား လွန့်လူး …. ဟူးးးးးးးးးးးးးးးးးးးးးး ….

နေနှင်းစက်