ကြွက်ကလေးတစ်ကောင်

ကြွက်ကလေးတစ်ကောင်

အခန်းတစ်ခုလုံး လင်းထိန်နေအောင် မီးသီးဖြူဖြူတွေ အစီအရီထွန်းထားပြီး ခန်းမရဲ့အလယ်ဗဟိုတည့်တည့်မှာ စားပွဲခုံ အဖြူတစ်လုံး ထိုင်ခုံဆိုဖာ အဖြူတစ်ခုနဲ့ အင်္ကျီအဖြူ၊ ဘောင်းဘီအဖြူဝတ်ဆင်ထားတဲ့ လူတစ်ယောက်ရပ်နေတယ် .. သူရဲ့ အသားရေကလည်း အဖြူ။ စားပွဲခုံပေါ်မှာ ပစ္စတိုတစ်လက်နဲ့ ကျည်ဆန်တစ်တောင့်။

ကင်မရာက လူငယ်ရဲ့ မျက်နှာစီကနေ တဖြည်းဖြည်းဝေးလာမယ်
ပြီးရင် အခန်း ပြီးရင် ထိုင်ခုံဆိုဖာ အဖြူ ပြီးရင် စားပွဲခုံ ပြီးရင် စားပွဲခုံပေါ်က ပစ္စတို။

လူငယ်ရဲ့ လှုပ်ရှားမှုလေးတစ်ခု အစပြုလိုက်မယ် .....

“ဒီအခင်းအကျင်းလောက်ဆိုရင် ပရိတ်သတ်တွေက မကြာခင်မှာ ဒီအခန်းထဲ အနီရောင်အစွန်းအကွက်တွေ
ဖြစ်လာတော့မယ် ဆိုတာ တွက်ပြီးသားဖြစ်လောက်ရောပေါ့”

“ဟုတ်တယ် ..... သူတို့ အဲဒါကို သေချာပေါက်ခန့်မှန်းမိမှာပဲ .... ဒါပေမယ့် သူတို့ မထင်မိတာက အဲဒီအဖြစ်အပျက် အပြီး ကြွက်ကလေးတစ်ကောင် အခန်းထဲက ထွက်ပြေးသွားမယ်ဆိုတာကိုပဲ ... ”

“အဲဒီ ကြွက်လေးက အမည်းရောင်”

..... ..... ..... ..... ..... ..... ..... ..... ..... ..... ..... ..... ..... ..... ..... ..... ..... ..... ..... ..... ..... ..... ..... ..... .....

ဒီဇာတ်လမ်းရဲ့ အစက

နံနက် ၈း၀၀။ ။ ညက အိပ်ပျက်ထားတဲ့ အရှိန်နဲ့ ခေါင်းနဲနဲနောက်နေပေမယ့် သွားစရာရှိသေးတာမို့ အိပ်ရာက သူ ထဖြစ်တယ်။ အခန်းထောင့်နားမှာ ကြွက်ကလေးတစ်ကောင် ဖြတ်ပြေးသွားတာကို ရုတ်တရက်တွေ့လိုက်ရတယ်။ သိပ်မထူးဆန်းတဲ့ မြင်ကွင်းပဲ။ ဥပက္ခာပြုထားလိုက်။ မျက်နှာသစ် သွားတိုက် ရေချိုး အဝတ်အစားလဲ။ ဒါက လုပ်နေကျအလုပ်တွေမို့ သိပ်မထူးဆန်းဘူး။ ရေချိုးခန်းအဝင်ဝမှာ ကြွက်လေးတစ်ကောင်။ နောက်ပြီး ဗီရိုထဲမှာ။ ထားလိုက်ပါတော့ သွားစရာက ရှိသေးတယ်။

နံနက် ၉း၀၀ ။ ။ ပုံမှန်အတိုင်းပဲ ကားဂိတ်ရောက်လာတယ်။ ကျောင်းထဲရောက်မယ့်ကားကို တတ်စီးတယ်။ ကားပေါ်မှာ ကြွက်ကလေးများ ပါလာသေးလားဆိုပြီး ရှာကြည့်နေမိတယ်။ သူ တော်တော်ရူးတာပဲလို့ ပြန်တွေးမိ။ ဒါပေမယ့် သူ့ထိုင်ခုံဘေးမှာ ကြွက်ကလေးပါလာတယ်။

နေ့ခင်း ၁၁း၀၀ ။ ။ Brake Time ဆိုတော့ ကန်တင်းမှာလည်း လူအပြည့်ပဲ။ ဒီနေ့တော့ အတန်း ၂ ချိန်စာ လွတ်သွားပြန်ပြီ။ ဒါလည်း ဖြစ်တတ်ပါတယ်လေဆိုပြီး ကန်တင်းပဲ တန်းသွားလိုက်တယ်။ ဟော ... ကန်တင်းမှာလည်း ကြွက်ကလေး နေ့လည်စာစားနေတယ်။ သူက မနက်စာနဲ့ နေ့လည်စာ ပေါင်းစားတယ်။ သူငယ်ချင်းတွေကို မတွေ့တာကြာတဲ့ ပုံစံနဲ့ စကားတွေ တစ်လှေကြီး ပြောလိုက်တယ်။ လေခွန်မဆောင်ရသမျှတော့ လုပ်ချင်သလို လုပ်ပေါ့။ ဆောင်ရလည်း ကျောင်းသားပဲ အခွန်ကင်းလွတ်ခွင့်ရှိပါတယ်။ ဒီလိုနဲ့ တစ်နာရီကျော်ကြာပြီးတော့ စာသင်ခန်းသွားတော့ စာသင်ခန်းထဲမှာ ကြွက်လေးရောက်နေပြန်တယ်။ စာသင်တယ်။

ညနေ ၃း၀၀ ။ ။ ကျောင်းကနေ အိမ်ပြန်မယ်။ ကားဂိတ်မှာ ကြွက်ကလေးတစ်ကောင်။ အိမ်ပြန်ရောက်တော့ ရေမိုးချိုးပြီးတော့ လ္ဘက်ရည်ဆိုင်သွားတယ်။ ကြွက်ကလေးက အဲဒီနားကဖြတ်သွားပုံရပါတယ်။ ရုတ်တရက် အမြင်လွှာမှာ လာကပ်ပြန်တယ်။ ခက်ပြီ တစ်နေကုန် ကြွက်နဲ့ကို မလွတ်သေးဘူး။ သူငယ်ချင်းတွေနဲ့ ထပ်ပြီး လေရိုက်တယ်။

ည ၉း၀၀ ။ ။ ကွန်ပြူတာရှေ့မှာ အချိန်ကုန်ဖို့ စတင်လှုပ်ရှားတယ်။ ပြောရရင် အိမ်ထဲရောက်နေပြီ။ ပိုပြီးတိကျရမယ်ဆိုရင်။ သူ့ အိပ်ခန်းထဲ သူပြန်ရောက်နေပြီလို့ ဆိုရမှာပေါ့။ ဟုတ်တယ်လေ ရောက်နေပြီပဲ။ ကဲကဲ ဆက်ပြောရအောင်။ ကွန်ပြူတာထဲမှာ ကြွက်ကလေး တစ်ကောင်။ ဟူးးးးး ...... ဒီကြွက်ကတော့ ရေစက်ပဲ ... သူတစ်ယောက် နဲ့ ကြွက်တစ်ကောင်နဲ့ ဇာတ်လမ်းပေါ့။ ဟုတ်တော့မဟုတ်သေးဘူးဗျ။ ခင်ဗျားဇာတ်လမ်းက ရုပ်လုံးမကြွဘူး။ ထားတော့ ... ။ အချိန်လင့်တော့မယ်။

နံနက် ၂း၀၀ ။ ။ ထုံးစံအတိုင်းပဲ သူ့အိပ်ချိန်က ဒီအချိန်ပေါ့။ ကြွက်ကလေးရေ အိပ်နေပြီလား။ ပြန်မထူးပုံထောက်ရင်တော့ အိပ်နေလောက်ပြီ။ အဲဒီကြွက်ကလေးက အိပ်မက်ထဲမှာ သူ့ လက်မောင်းပေါ်မှီအိပ်နေရဲ့။ ရပြီ ဒီလောက်ဆို သူ့ရဲ့ တစ်နေ့တာက ကြွက်နဲ့ နှစ်ပါးသွားနေရတာပဲ။ ပရိတ်သတ်ကလည်း ကြွက်ကလေးက အထီးလား အမလား သိလောက်ပြီပေါ့။ သြော် ..... တစ်ခုမေ့နေတာ .. ကျွန်တော်က ယောက်ျားလေးတစ်ယောက်ပါ။ သူက .. သူကလား ခင်ဗျားထင်သလိုပေါ့။ ဟုတ်ချင်မှလည်း ဟုတ်မှာပေါ့ဗျာ။ ဒါပေမယ့် သေချာပါတယ်။ အဖြူရောင် လူငယ်လေး နဲ့ အမည်းရောင် ကြွက်လေး။ မှားနေပြီဗျ။ အစကတည်းကမှားတာ။ ထားတော့ .... ။
ကျုပ်ရဲ့တစ်နေ့တာမှာ ကြွက်တစ်ကောင်ဟာ အမြင်အာရုံတိုင်းမှာ အသည်းအသန် တွယ်ကပ်နေတယ်။

နံနက် ၈း၀၀ ။ ။ ကျောင်းကားပေါ်မှာ သူမ တစ်ယောက်တည်း ထိုင်နေတယ်။ ရုတ်တရက် စိတ်ထဲထင်လာမိတာက တစ်ယောက်ယောက်သူမကို ကြည့်နေသလိုပဲ။ အင်း သူပဲနေမှာပေါ့။ သူက အဲသလိုပဲ။ သူမကို အမြင်လွှာထဲ နှစ်ထားချင်ပုံရတယ်။ မှန်တင်ခုံပေါ်မှာ ထိုင်နေကတည်းက သူက သူမ အနောက်ဘက် ရောက်ရောက်နေသလို ခံစားနေရတာ။ တကယ်တမ်း သူရောက်နေတာက သူမရဲ့ ..... ။

နံနက် ၉း၀၀ ။ ။ ကျောင်းရောက်တော့ အတန်းကို အသည်းအသန်ပြေးရတယ်။ ဒီနေ့ နောက်ကျလို့ မဖြစ်ဘူးလေ။ သူက သူမ နောက်က ထပ်ချပ်လိုက်နေသလိုပဲ။ မလွယ်ပါလား ကောင်လေးရယ်။ ကျွန်မက ရှင့်မျက်စိအောက်က ထွက်ကျလို့မရတဲ့ ဖုန်မှုန့်လား။ ဒါမှမဟုတ် ကျွန်မက ရှင့်ရဲ့ အမြင်လွှာထက်က အရိပ်လေးလား။ ဟင့်အင်း ... တစ်ခုမှ မဟုတ်လောက်ဘူး။ ကျွန်မယူဆတာက ကျွန်မက ကြယ်တစ်ပွင့်လေ။ ရှင့်လက်နဲ့ မမှီတဲ့ကြယ်လား။ မှီတဲ့ကြယ်လား။ ကျွန်မ ရှင့်လက်မောင်းထက်မှာ တစ်မှေးလောက် အိပ်ချင်ပါသေးတယ်။

နေ့ခင်း ၁၀း၀၀ ။ ။ ကန်တင်းမှာ ဒီအချိန်ထိုင်ခုံကြပ်တယ်လေ။ အဲဒီတော့ သူမတစ်ယောက် အတန်းထဲမှာပဲ ထိုင်စားရတော့မှာပေါ့။ အင်း ... နေ့လည်စာအတွက် ကန်တင်းမှာ တစ်ခုခုသွားဝယ်ဦးမှာ။ ကန်တင်းမှာ စောင့်လိုက်ရတာလည်း ပြောမပြောချင်တော့ပါဘူး။ မပြောပါနဲ့တော့ဗျာ အချိန်ပုပ်တယ်။ နောက်တစ်ကဒ် ကူးရအောင်။ သူမ ကန်တင်းမှာ သူမ အတန်းထဲမှာ သူ့ မျက်လုံးအောက်ကတော့ ပျောက်မသွားဝံ့ဘူး။

ညနေ ၃း၀၀ ။ ။ စာစကားနဲ့ ပြောရရင်တော့ ပညာနို့ရည်သောက်သုံးပြီးတော့ အိမ်ပြန်ပြီပေါ့။ အမေ့နို့ရည် သောက်သုံးတဲ့ အရွယ်တော့ ကျော်သွားပြီ။ အမေ့ရဲ့ မေတ္တာရိပ်ကတော့ အေးတုန်းပါပဲ.. ။ ရှင်ရယ် .. ရှင့် အကြည့်တွေက ကျွန်မကို အတိတ်မေ့သွားစေတယ်။ ဒီလိုနဲ့ အိမ်အပြန်လမ်းလေးကလည်း ပုံမှန်ပါပဲ။

ည ၉း၀၀ ။ ။ သူအိပ်နေပြီလား။ တစ်ယောက်တည်း နေတိုင်း သူ့ကို သတိရတယ်။ အမြဲတမ်းလည်း တစ်ယောက်တည်းပါပဲ။ သူ့မျက်လုံးတွေကတော့ ကျွန်မနားက တစ်ဖဝါးမှ မခွာခဲ့ဘူး။ သူမ မှေးကနဲ အိပ်ပျော်သွားတုန်း အသံတစ်သံကြားလိုက်တယ်။ အိပ်နေပြီလားတဲ့။ သူပဲ နေမှာပါ ကျွန်မ သိတယ်။ အချိန်က

နံနက် ၂း၀၀ ။ ။ ဒီအချိန်ဆို ဒီအသံကိုကြားနေကျ တစ်ရေးနိုးနေကြ။ သူမ ပြုံးလိုက်ပျော်လိုက် မောလိုက် လွမ်းလိုက်။ ထားတော့ .. ဒါတွေက ကြာခဲ့ပါပြီ။ သူ့အမြင်လွှာတွေ သူမစီက စွန့်ခွာ ..... ။

သူ ဒီအချိန်လောက်ဆို အလွန်လင်းတဲ့ ဒါမှမဟုတ် မှောင်လွန်းတဲ့ နေရာကိုပဲကြည့်နေမှာ သေချာသလောက်ပဲ ဒါမှမဟုတ် ... ကျွန်မကိုပဲ တစ်ချိန်လုံး ဆက်ကြည့်နေဦးမှာလား။ သူ ကိုယ်တိုင် သူမပုံရိပ်တွေကို ဆက်မြင်ဖို့ အင်းအားမရှိတော့လို့ ခလုပ်မောင်းကို ဆွဲဖြုတ်ပစ်ခဲ့တာ ကြာပေါ့။ ကြွက်မလေးတစ်ကောင် သူ့နားက ပြေးထွက်သွားတယ်။ သူမရဲ့ တစ်နေရာရာမှာ သူခိုအောင်းနေရင်း သူမကို ကြည့်နေဦးမှာပေါ့။ ကျွန်မလည်း
သူ့အမြင်လွှာ နောက်ကို ထပ်ချပ်လိုက်ချင်လို့ ... ။

---------- ------------- ---------------- -------------- -------------- ----------------

- နေနှင်းစက် -
“ ဒီပုံပြင် ထဲကဇာတ်ကောင်ဟာ ဘယ်သူမှမဟုတ်ဘူးဆိုရင် ခင်ဗျားငြင်းလိမ့်မယ် ”

တစ်နေ့သ၌ဆိုပြီး စပြောဖြစ်မှာပါပဲ။

ကျုပ်တို့ ညစာ ထွက်စားကြမယ် မန်နီ။

မန်နီဆိုတာ အိမ်မွေးခွေးလေးတစ်ကောင်ဖြစ်တယ်။ မန်နီဆိုတာ ကြက်တူရွေးတစ်ကောင်ဖြစ်တယ်။ မန်နီဆိုတာ ကြောင်လေးတစ်ကောင်ဖြစ်တယ်။ မန်နီဆိုတာ တစ်ဦးတစ်ယောက်ရဲ့ နာမည်လည်း ဖြစ်တယ်။ မန်နီဆိုတာ ဖားကလေးတစ်ကောင်ဖြစ်တယ်။ မန်နီဆိုတာ ရန်ကုန်မိုးဖြစ်တယ်။

ရန်ကုန်မိုးက အရမ်းသည်းတယ်ဗျာ ... ။ ဖားအော်သံတော့ မကြားရဘူး။ မိုးရေချိုးကြမယ်။

မန်နီတစ်ယောက် သူ့ကိုယ်သူ မှန်ထဲမှာပြန်ကြည့်တယ်။ မန်နီတစ်ယောက် သူ့ကိုသူ ရေထဲမှာပြန်ကြည့်တယ်။ မန်နီတစ်ယောက်ဘယ်ခရီးရောက်နေလည်း။ ရောက်ရာအရပ်က ပြန်မလာပါနဲ့ မန်နီ။ အဲဒီမှာ ပျော်အောင်နေလိုက်ပါ။ မန်နီ မင်းသိပ်တုံးတာပဲ။ မင်းက သူဌေးဖြစ်ချင်နေတာလား။

မန်နီတစ်ယောက် ကမ္ဘာကြီးရဲ့ ဆံပင်မွှေးတွေကို အစုလိုက်အပြုံလိုက် ရိပ်သိမ်းပစ်တယ် .. နိုင်ငံခြား ဝင်ငွေအဖြစ် ပြောင်းလဲလိုက်တယ်။ တကယ်တော့ ဒါဟာ မန်နီလက်ချက်မဟုတ်ပါဘူး။ မန်နီဆိုတာ သူ့ကိုယ်သူ ဘယ်သူမှန်းမသိတဲ့ သူတစ်ယောက်ဖြစ်လိမ့်မယ်။ မန်နီဆိုတာ ထိပ်ထားရဲ့ စံအိမ်က ခြံစောင့်မာလီကုလားလေးတစ်ယောက်ဖြစ်တယ်။ မန်နီဆိုတာ ပန်းကလေးတစ်ပွင့်ရဲ့ နာမည်ဖြစ်တယ်။

ခဏနေရင် လန်ဒန် ရောက်ပြီမန်နီ။ ငါတို့ ဘက်ကင်ဟမ် နန်းတော်ဘက် လမ်းလျှောက်ထွက်ရအောင်။

ဂျိုး ခင်ဗျား ပြောတော့ ခင်ဗျားက ကြွက်တစ်ကောင်ဆို
အခုတော့ မအောင်မြင်တဲ့ ပြောင်းခင်းထဲမှာ ခင်ဗျားပတ်ပြေးနေသလား
ယမကာကျူးပြီး မူးနေလား။ ကဗျာတစ်ပုဒ်ကို အသက်သွင်းဖို့ စိတ်ကူးနေလား။
အိပ်ပျော်နေရင်း ယောင်ပြီး အော်ဟစ် ရန်ဖြစ်နေမလား။

မန်နီရေ အီတလီကော်ဖီတစ်ခွက်ရဲ့ အရသာကို တစ်ဖြည်းဖြည်းခံစားရတယ်ကွ။ မနက်ဖြန်မနက် အိပ်ရာထဖို့ မင်းမှာ လုံလောက်တဲ့ အိပ်ချိန်မရှိရင်တော့ သူများဆီက ခဏချေးရလိမ့်မယ်။

ငါက စိတ်ဆပ်တယ်မန်နီ အကြွေးမဆပ်ဘူး။ မင်း အကြွေးဝယ်ကဒ် ငါ့ကို ခဏပေးသုံးစမ်းပါ။ ဗင်းနစ်မြို့ထဲ ပတ်စီးဖို့ လှေတစ်စင်းလောက် ဝယ်မယ်။ ပြီးရင် အင်းလေး ခဏပြန်မယ်။

ရန်ကုန်မိုးက သိပ်သည်းတယ်ဂျိုး။ မန္တလေးမိုးလည်း အဲလိုပဲ ရောမမြို့ကြီးထဲ ရေတွေကြီးနေတယ်။ မစ္စစ္စပီမြစ် ရေလျှံနေတယ်။ ငါ အင်းလေး ခဏပြန်မယ် မန်နီ။ ဂျိုးကိုတွေ့ရင်ပြောလိုက်ပါ ငါဟာ သောကြာနေ့ထဲ ပြုတ်ကြနေတဲ့ ပြောင်းဖူးရိုးတစ်ခု ဖြစ်တယ်ဆိုတာ။

နောက်ပြီး ရှိသေးတယ်မန်နီ ငါ့ပိုက်ဆံအိပ်ထဲ ပိုက်ဆံတစ်ပြားမှ မကျန်တဲ့အထိ ကြိုးစားပြီး အာဖရိကတောနက်ထဲမှာ ကြံတစ်ကောင်ကို ဓါတ်ပုံရိုက်ဖို့သွားမယ်။ တကယ်တော့ ငါက ကမ္ဘာပတ်နေတာပါကွာ။ မန်နီ ငါ့အိပ်ကပ်ထဲမှာ မြန်မာငွေ ၁ဝ ရှိတယ်။ မနက်ဖြန် မနက်စာတောင် မလုံလောက်တဲ့ပိုက်ဆံနဲ့ ငါကမ္ဘာပတ်တယ်။ ဒီမှာ မန်နီ .. ငါ့ကိုရဲရဲကြည့်လိုက်စမ်းပါ။ သကြားလုံးတစ်လုံးကို ၆ နှစ်တိတိသိမ်းထားဖို့ ဆိုတာ တော်ရုံသတ္တိနဲ့ မဖြစ်ဖူးကွ။ ဂျိုး မင်း မန်နီကိုတွေ့ရင် ပြောလိုက်စမ်းပါ။ သူက ကဗျာထဲက ဇာတ်ကောင်တစ်ယောက်ဖြစ်တဲ့အကြောင်း သူ့မှာ မေရီဂျိမ်း ရှိတဲ့အကြောင်း။ နောက်ပြီး ဒီည ရုပ်သေးပွဲတစ်ပွဲကြည့်ဖြစ်မယ်ဆိုတာ။

တကယ်တော့ ငါရဲ့ ပြတ်ရွေ့ကြောင်းဟာ သူမရဲ့ အကြောင်းတိုက်ဆိုင်မှုပဲ။

- နေနှင်းစက် -


ကျွန်တော်နဲ့ အစပ်အဟတ်များ

ကျွန်တော်နဲ့ အစပ်အဟတ်များ

မေမေ
အဲဒီမြို့က
အစိမ်းရောင်တွေ နဲ့ လွန်သွားတွေ နဲ့
သက်တန့်တွေ တငွေ့ငွေ့ နဲ့
ကျွန်တော်မကျွမ်းကျင်တဲ့ အရပ်မျက်နှာစီ ကူးခတ်
ပထမတော့ သတိမထားမိဘူးပေါ့ … ။
နတ်ရိုင်းတောမှာ ပွင့်တဲ့ ပန်းမို့ထင်ရဲ့
ရနံ့တွေလည်း မဝေဘူး ။

ဒီမှာ
ငါက အလူးလူးအလားလားနဲ့ နင့်ရှေ့မှာ ကူးသန်းပြရုံလောက်ကိုတောင်
မလောက်ငှခဲ့တဲ့ကောင်ဆိုတော့ တောတွေလည်း ပြုန်းပြန်ပေါ့။

မေမေ
မြို့ကလေးရဲ့ ထွန်းကားမှုမှာ
သားကတော့ အရင်လိုပဲ အရိပ်တွေကို မရှောင်တတ်ပြန်ဘူး။

ဒီနေရာမှာ ရပ်မယ်
နင့်မျက်နှာ မြင်ပြီး အဖျားတတ်တဲ့ နှစ်က လွန်ခဲ့တဲ့ (၅) နှစ်မှာ ကျန်ခဲ့ပြီ
အဲဒီထက် ကြာချင်လည်း ကြာလောက်ပြီပေါ့
ဒါပေမယ့် … ငါကလည်း လွန်ခဲ့တဲ့ …..
မေမေ
သူငယ်ချင်းတစ်ယောက်ရဲ့ မင်္ဂလာသတင်းက
သားနှုတ်ခမ်းဖျားကို ရဲခနဲဖြစ်သွားစေလောက်ခဲ့တယ်။

ထားလိုက်ပါ
ပြောလက်စ ဇာတ်လမ်းတွေက နောက်ကြောင်းတွေရှုပ်နေလွန်းရဲ့

မေမေ
ကျွန်တော်တို့ ရဲ့ ရဲတိုက်ထဲမှာ
ရုပ်တု တစ်ခုလောက်စီတော့ ရှိခဲ့ပါတယ် ။

ငါ့ဓါတ်သတ္တုတွေကို
အရောင်တွေ မဆိုးပါနဲ့လား
ငါက လွန်လေပြီးသော နေရာနဲ့ လွန်လေပြီးသော သီချင်းကို
ဘယ်တော့မှ မကြားမိဖို့ အားတင်းထားရတဲ့ကောင် ။

မေမေ
ကျွန်တော် မောတယ်
လောကကြီးနောက် ခဏခဏလိုက်နေရတာကိုက မောတယ်ဗျာ။

ငါတို့ ဒီနေရာမှာ ရပ်ကြမယ် …
သက်တမ်းတစ်ခုမှာ အရုပ်တစ်ရုပ်အကြောင်း သမိုင်းကြောင်း ထားခဲ့မယ် ။

မေမေ
လက်တွေနွေးထွေးလာအောင်
သူမကပဲ အငွေ့ဓါတ်တွေ ပေးခဲ့တယ် ။

တစ်သက်လုံးမှာ
ငါတို့
(၉၆)ပါး ရောဂါရဲ့အပြင်ဘက်မှာအထိ ရိုးသားဖို့ကြိုးစားခဲ့ကြတယ်။

- နေနှင်းစက် -
နင် နဲ့ ငါ နဲ့ စက္ကန့်ဝက်

လိုလိုလားလား တန်ပြန်မှုကို မလိုလားဘူး
ဒါပေမယ့်
ငါ
လုံလုံလောက်လောက် ရိုးသားခဲ့တယ်။

မိုးတွေ ပွင့်တဲ့ နေ့လောက်ရောက်ရင်တော့
ငါ မျှော်ချင်ရဲ့လက်တို့ ဖြစ်နေတာတွေကို
လောက်လောက်လားလား မြင်ရုံလောက်တော့ ရကောင်းရဲ့။

ဘာပဲဖြစ်ဖြစ်ပါလေ .....။

ငါဆိုတာ
မင်းရဲ့ မျက်နှာရိပ် မျက်နှာကဲနဲ့
ကဗျာ တစ်ပုဒ် ရဲ့ ထွက်သက်ဝင်သက်လောက်ကိုပဲ
ရှုတတ်တဲ့ ကောင်ဆိုတော့ လူတွေ လိုတဲ့ နေ့နဲ့ ... ဝေးချင်ဝေးမှာပေါ့။

မကြောက်နဲ့ ချစ်သူ
ငါခြေထောက်နှစ်ချောင်းမှာ အသက်ရှင်ရတဲ့အကြောင်းတွေ အတိအကျပါတယ်
ဟောဒီ ငရဲလို လောကမှာ ပန်းဥယျာဉ် ထုဆစ်ပျိုးချမယ်။

ငါကို ယုံပါ
ယုံလိုက်စမ်းပါကွယ်
ပုရပိုက်တွေ၊ ပေရေချပ်တွေမှာ
လက်မှတ်တွေ၊ စာချုပ်တွေထက်
ငါနှုတ်ထွက်က ရဲရဲ မြဲမြဲ ရှိတယ်ဆိုတာ ယုံလိုက်စမ်းပါ။

ငါတို့ တည်ခဲ့တဲ့ ပထမနေ့က ထာဝရနေ့ ။။။

- နေနှင်းစက် -

ပွဲ

ပွဲ

ငါ့ကိုငါ နှုတ်လှန်ထိုး
ရိုးရိုးလေးပြောရရင်
အနှုတ်နတ်ဘုရားက ငါ့ကို ကျိန်စာတိုက်
အမိုက်မှောင်ထဲမှာ ငရဲအထပ်ထပ်ကျ
ဘယ်သူ့ဘ၀က ငါနဲ့ က ပြနေရမှာလည်း ....

နေနှင်းစက်

ဒီကဗျာကို ဆက်ကဗျာရင် ကဗျာ

ဒီကဗျာကို ဆက်ကဗျာရင် ကဗျာ

ကဗျာသာတုန်း ကဗျာငင်
ကဗျာရွာတုန်း ကဗျာခံ
ကဗျာရှိခိုက် ကဗျာစိုက်
ကဗျာပေါက်နဲ့ ကဗျာကောက်တော့
ကဗျာငတ်တုန်း ကဗျာတွင်းထဲကျ
ကဗျာထပ် ကဗျာညှပ်တွေစိုက်
ကဗျာကြားထဲ ကဗျာညပ်
ကဗျာချင်တဲ့ ကဗျာ ကဗျာပြောင်း
ကဗျာလုံးခေါင်းထဲ ကဗျာသာ
ကဗျာ မပြောင်း ကဗျာကောင်းမဖြစ်
ကဗျာအသင်းနဲ့ ကဗျာ အသင်းနဲ့ ကန်တဲ့ပွဲမှာ
ကဗျာအသင်းရဲ့ ကဗျာနံပါတ် ကဗျာက
ကဗျာအသင်းရဲ့ ကဗျာပေါက်ထဲကို ကဗျာလုံးတွေ ကန်သွင်း
ကဗျာအသင်းခမျာ ကဗျာ မတတ်တော့လို့ ကဗျာရည်တွေနဲ့ ကဗျာကြ
ကဗျာနေ့က ကဗျာစကားပြောပြီး ကဗျာဗျူးဖြေ
ကဗျာအုတ်မှာ ကဗျာထိုးပြီး
ကဗျာမိုးရှင်းချ
ကဗျာဖို ကဗျာမ ကဗျာစကားပြော ကဗျာစာရေး ကဗျာဖြေပေးတော့ ကဗျာတွဲဖြစ်
ကဗျာမွေး ကဗျာကြီး ကဗျာဂျီး(ချေး) တွေ တက်ကပ်ကြ
ကဗျာရောင်တွေကို ကဗျာနဲ့ ကဗျာတံ့ပေါ်ပစ်တင်
ကဗျာယောင်တွေ ကဗျာယောင်ယောင်လာ
ကဗျာကန်ကြီးထဲ ကဗျာကြီး ကဗျာချတော့
….. ….. …… ကဗျာ ….. ….. ……

နေနှင်းစက်

ခရီးသွားစက္ကူများ

ခရီးသွားစက္ကူများ

ဒါဟာ ကြားဖူနေကျစကားတစ်လုလား
ကြာပွင့်တွေနဲ့ ကောင်းကင်ဆိုရင်
အဲဒီစကားမှာ လွန်ကျူမှုတွေ ရှိတယ်။
ကတ်ကြေးတစ်လက်ရဲ့ ရာဇ၀င်အကြောင်း
ငါ့တို့ စကားမစပ်ဖြစ်ခဲ့ကြ။
“ရာဇ၀င်” ရေ …..
နင့်ရဲ့ ရွာရန်ရာနှုန်းထက်
ငါက ပိုပြီး အပူအပင် ကင်းချင်တဲ့ကောင်။
စည်းစိမ်သက်ဝင်မှုတွေထဲ
ငါ့အခန်းကဏ္ဍက နင့်စီမှာ တစ်ဖြေးဖြေး ၀ါးမှုန်ဝေဖျော့
၃ နဲ့ ၄ တွေလောက်ပဲ ဝေး
ဘယ်သူကမှ ဆွေးမြေ့စေကြောင်း
ဆုမတောင်းခဲ့ လောက်ပါဘူးလေ။
နင့်မျက်စောင်းတစ်ခြမ်းမှာ ငါ့ဘ၀က
ကံမကောင်း အကြောင်းမလှသမျှပေါ့။
ငါ့လက်တွေ မီးမြိုက် မသတ်နဲ့ “ရာဇ၀င်”
တယောမထိုးတတ်ပေမယ့်
ငါ့ မြို့ရိုး ကျိုးသွားပုံကို
ဘယ်လို သောကနဲ့ မှ ငါလှည့်မကြည့်ဘူး။
ဒီမှာ ရာဇ၀င်
ငါတို့ ပျိုးတဲ့ လမ်းက နင်တို့နဲ့ ခပ်လှမ်းလှမ်းမှာ လန်းထားတယ်။
သေမှုသေခင်းမပြဘဲ ငါထွက်သွားမယ်။
သေတမ်းစာမှာ
ဘယ်သူမှ မဖတ်ဖို့ အထပ်ထပ်ရေး
တကယ်တော့ ဘယ်အရာမှာမဆို
တံခါးတွေ ဓါးတွေ ရှိနေကြတုန်းပဲ။
ငါ့ကိုငါ အားမရတဲ့အခါ
အသံစူးစူးတွေ တဝေါဝေါပြေးလွှား
ဒီနားနဲ့ ကြားတဲ့ ဒီစကား ဒီနားမှာတင် ပျောက်သွားတယ်။
တစ်နေ့လာ တစ်နေ့ပြန်
နောက်ပြီး နောက်တစ်ရက်
ငါကျွမ်းတစ်ဝက်ထိုးပြီး ဘောလုံးပွဲကြည့်တယ်။
မွန်တီလီဗို ကန်ချက် တိုင်ထိပြီး ထွက်သွားတုန်းက
ငါနင့်ကို သတိမရတာ သေချာတယ် “ရာဇ၀င်”
စကားလုံးနဲ့ ခင်းထားတဲ့ လမ်းပေါ်
စကားလုံးနဲ့ လျှောက်
စကားလုံးတွေ ပျောက်သွားတော့
စကားလုံးနဲ့ ပြန်ကောက်
ဒါနဲ့ပဲ စကားလုံး ခရီးမရောက်ပြန်ဘူးပေါ့။

နေနှင်းစက်