ကျွန်တော်နဲ့ အစပ်အဟတ်များ

ကျွန်တော်နဲ့ အစပ်အဟတ်များ

မေမေ
အဲဒီမြို့က
အစိမ်းရောင်တွေ နဲ့ လွန်သွားတွေ နဲ့
သက်တန့်တွေ တငွေ့ငွေ့ နဲ့
ကျွန်တော်မကျွမ်းကျင်တဲ့ အရပ်မျက်နှာစီ ကူးခတ်
ပထမတော့ သတိမထားမိဘူးပေါ့ … ။
နတ်ရိုင်းတောမှာ ပွင့်တဲ့ ပန်းမို့ထင်ရဲ့
ရနံ့တွေလည်း မဝေဘူး ။

ဒီမှာ
ငါက အလူးလူးအလားလားနဲ့ နင့်ရှေ့မှာ ကူးသန်းပြရုံလောက်ကိုတောင်
မလောက်ငှခဲ့တဲ့ကောင်ဆိုတော့ တောတွေလည်း ပြုန်းပြန်ပေါ့။

မေမေ
မြို့ကလေးရဲ့ ထွန်းကားမှုမှာ
သားကတော့ အရင်လိုပဲ အရိပ်တွေကို မရှောင်တတ်ပြန်ဘူး။

ဒီနေရာမှာ ရပ်မယ်
နင့်မျက်နှာ မြင်ပြီး အဖျားတတ်တဲ့ နှစ်က လွန်ခဲ့တဲ့ (၅) နှစ်မှာ ကျန်ခဲ့ပြီ
အဲဒီထက် ကြာချင်လည်း ကြာလောက်ပြီပေါ့
ဒါပေမယ့် … ငါကလည်း လွန်ခဲ့တဲ့ …..
မေမေ
သူငယ်ချင်းတစ်ယောက်ရဲ့ မင်္ဂလာသတင်းက
သားနှုတ်ခမ်းဖျားကို ရဲခနဲဖြစ်သွားစေလောက်ခဲ့တယ်။

ထားလိုက်ပါ
ပြောလက်စ ဇာတ်လမ်းတွေက နောက်ကြောင်းတွေရှုပ်နေလွန်းရဲ့

မေမေ
ကျွန်တော်တို့ ရဲ့ ရဲတိုက်ထဲမှာ
ရုပ်တု တစ်ခုလောက်စီတော့ ရှိခဲ့ပါတယ် ။

ငါ့ဓါတ်သတ္တုတွေကို
အရောင်တွေ မဆိုးပါနဲ့လား
ငါက လွန်လေပြီးသော နေရာနဲ့ လွန်လေပြီးသော သီချင်းကို
ဘယ်တော့မှ မကြားမိဖို့ အားတင်းထားရတဲ့ကောင် ။

မေမေ
ကျွန်တော် မောတယ်
လောကကြီးနောက် ခဏခဏလိုက်နေရတာကိုက မောတယ်ဗျာ။

ငါတို့ ဒီနေရာမှာ ရပ်ကြမယ် …
သက်တမ်းတစ်ခုမှာ အရုပ်တစ်ရုပ်အကြောင်း သမိုင်းကြောင်း ထားခဲ့မယ် ။

မေမေ
လက်တွေနွေးထွေးလာအောင်
သူမကပဲ အငွေ့ဓါတ်တွေ ပေးခဲ့တယ် ။

တစ်သက်လုံးမှာ
ငါတို့
(၉၆)ပါး ရောဂါရဲ့အပြင်ဘက်မှာအထိ ရိုးသားဖို့ကြိုးစားခဲ့ကြတယ်။

- နေနှင်းစက် -
နင် နဲ့ ငါ နဲ့ စက္ကန့်ဝက်

လိုလိုလားလား တန်ပြန်မှုကို မလိုလားဘူး
ဒါပေမယ့်
ငါ
လုံလုံလောက်လောက် ရိုးသားခဲ့တယ်။

မိုးတွေ ပွင့်တဲ့ နေ့လောက်ရောက်ရင်တော့
ငါ မျှော်ချင်ရဲ့လက်တို့ ဖြစ်နေတာတွေကို
လောက်လောက်လားလား မြင်ရုံလောက်တော့ ရကောင်းရဲ့။

ဘာပဲဖြစ်ဖြစ်ပါလေ .....။

ငါဆိုတာ
မင်းရဲ့ မျက်နှာရိပ် မျက်နှာကဲနဲ့
ကဗျာ တစ်ပုဒ် ရဲ့ ထွက်သက်ဝင်သက်လောက်ကိုပဲ
ရှုတတ်တဲ့ ကောင်ဆိုတော့ လူတွေ လိုတဲ့ နေ့နဲ့ ... ဝေးချင်ဝေးမှာပေါ့။

မကြောက်နဲ့ ချစ်သူ
ငါခြေထောက်နှစ်ချောင်းမှာ အသက်ရှင်ရတဲ့အကြောင်းတွေ အတိအကျပါတယ်
ဟောဒီ ငရဲလို လောကမှာ ပန်းဥယျာဉ် ထုဆစ်ပျိုးချမယ်။

ငါကို ယုံပါ
ယုံလိုက်စမ်းပါကွယ်
ပုရပိုက်တွေ၊ ပေရေချပ်တွေမှာ
လက်မှတ်တွေ၊ စာချုပ်တွေထက်
ငါနှုတ်ထွက်က ရဲရဲ မြဲမြဲ ရှိတယ်ဆိုတာ ယုံလိုက်စမ်းပါ။

ငါတို့ တည်ခဲ့တဲ့ ပထမနေ့က ထာဝရနေ့ ။။။

- နေနှင်းစက် -

ပွဲ

ပွဲ

ငါ့ကိုငါ နှုတ်လှန်ထိုး
ရိုးရိုးလေးပြောရရင်
အနှုတ်နတ်ဘုရားက ငါ့ကို ကျိန်စာတိုက်
အမိုက်မှောင်ထဲမှာ ငရဲအထပ်ထပ်ကျ
ဘယ်သူ့ဘ၀က ငါနဲ့ က ပြနေရမှာလည်း ....

နေနှင်းစက်

ဒီကဗျာကို ဆက်ကဗျာရင် ကဗျာ

ဒီကဗျာကို ဆက်ကဗျာရင် ကဗျာ

ကဗျာသာတုန်း ကဗျာငင်
ကဗျာရွာတုန်း ကဗျာခံ
ကဗျာရှိခိုက် ကဗျာစိုက်
ကဗျာပေါက်နဲ့ ကဗျာကောက်တော့
ကဗျာငတ်တုန်း ကဗျာတွင်းထဲကျ
ကဗျာထပ် ကဗျာညှပ်တွေစိုက်
ကဗျာကြားထဲ ကဗျာညပ်
ကဗျာချင်တဲ့ ကဗျာ ကဗျာပြောင်း
ကဗျာလုံးခေါင်းထဲ ကဗျာသာ
ကဗျာ မပြောင်း ကဗျာကောင်းမဖြစ်
ကဗျာအသင်းနဲ့ ကဗျာ အသင်းနဲ့ ကန်တဲ့ပွဲမှာ
ကဗျာအသင်းရဲ့ ကဗျာနံပါတ် ကဗျာက
ကဗျာအသင်းရဲ့ ကဗျာပေါက်ထဲကို ကဗျာလုံးတွေ ကန်သွင်း
ကဗျာအသင်းခမျာ ကဗျာ မတတ်တော့လို့ ကဗျာရည်တွေနဲ့ ကဗျာကြ
ကဗျာနေ့က ကဗျာစကားပြောပြီး ကဗျာဗျူးဖြေ
ကဗျာအုတ်မှာ ကဗျာထိုးပြီး
ကဗျာမိုးရှင်းချ
ကဗျာဖို ကဗျာမ ကဗျာစကားပြော ကဗျာစာရေး ကဗျာဖြေပေးတော့ ကဗျာတွဲဖြစ်
ကဗျာမွေး ကဗျာကြီး ကဗျာဂျီး(ချေး) တွေ တက်ကပ်ကြ
ကဗျာရောင်တွေကို ကဗျာနဲ့ ကဗျာတံ့ပေါ်ပစ်တင်
ကဗျာယောင်တွေ ကဗျာယောင်ယောင်လာ
ကဗျာကန်ကြီးထဲ ကဗျာကြီး ကဗျာချတော့
….. ….. …… ကဗျာ ….. ….. ……

နေနှင်းစက်

ခရီးသွားစက္ကူများ

ခရီးသွားစက္ကူများ

ဒါဟာ ကြားဖူနေကျစကားတစ်လုလား
ကြာပွင့်တွေနဲ့ ကောင်းကင်ဆိုရင်
အဲဒီစကားမှာ လွန်ကျူမှုတွေ ရှိတယ်။
ကတ်ကြေးတစ်လက်ရဲ့ ရာဇ၀င်အကြောင်း
ငါ့တို့ စကားမစပ်ဖြစ်ခဲ့ကြ။
“ရာဇ၀င်” ရေ …..
နင့်ရဲ့ ရွာရန်ရာနှုန်းထက်
ငါက ပိုပြီး အပူအပင် ကင်းချင်တဲ့ကောင်။
စည်းစိမ်သက်ဝင်မှုတွေထဲ
ငါ့အခန်းကဏ္ဍက နင့်စီမှာ တစ်ဖြေးဖြေး ၀ါးမှုန်ဝေဖျော့
၃ နဲ့ ၄ တွေလောက်ပဲ ဝေး
ဘယ်သူကမှ ဆွေးမြေ့စေကြောင်း
ဆုမတောင်းခဲ့ လောက်ပါဘူးလေ။
နင့်မျက်စောင်းတစ်ခြမ်းမှာ ငါ့ဘ၀က
ကံမကောင်း အကြောင်းမလှသမျှပေါ့။
ငါ့လက်တွေ မီးမြိုက် မသတ်နဲ့ “ရာဇ၀င်”
တယောမထိုးတတ်ပေမယ့်
ငါ့ မြို့ရိုး ကျိုးသွားပုံကို
ဘယ်လို သောကနဲ့ မှ ငါလှည့်မကြည့်ဘူး။
ဒီမှာ ရာဇ၀င်
ငါတို့ ပျိုးတဲ့ လမ်းက နင်တို့နဲ့ ခပ်လှမ်းလှမ်းမှာ လန်းထားတယ်။
သေမှုသေခင်းမပြဘဲ ငါထွက်သွားမယ်။
သေတမ်းစာမှာ
ဘယ်သူမှ မဖတ်ဖို့ အထပ်ထပ်ရေး
တကယ်တော့ ဘယ်အရာမှာမဆို
တံခါးတွေ ဓါးတွေ ရှိနေကြတုန်းပဲ။
ငါ့ကိုငါ အားမရတဲ့အခါ
အသံစူးစူးတွေ တဝေါဝေါပြေးလွှား
ဒီနားနဲ့ ကြားတဲ့ ဒီစကား ဒီနားမှာတင် ပျောက်သွားတယ်။
တစ်နေ့လာ တစ်နေ့ပြန်
နောက်ပြီး နောက်တစ်ရက်
ငါကျွမ်းတစ်ဝက်ထိုးပြီး ဘောလုံးပွဲကြည့်တယ်။
မွန်တီလီဗို ကန်ချက် တိုင်ထိပြီး ထွက်သွားတုန်းက
ငါနင့်ကို သတိမရတာ သေချာတယ် “ရာဇ၀င်”
စကားလုံးနဲ့ ခင်းထားတဲ့ လမ်းပေါ်
စကားလုံးနဲ့ လျှောက်
စကားလုံးတွေ ပျောက်သွားတော့
စကားလုံးနဲ့ ပြန်ကောက်
ဒါနဲ့ပဲ စကားလုံး ခရီးမရောက်ပြန်ဘူးပေါ့။

နေနှင်းစက်
အဆောင် ၂၆ အခန်း ၂၆

ဘယ်လိုခေါက်ခေါက်
ဒေါက်ဒေါက်ဒေါက် မမြည်တဲ့ တံခါးကနေ
ငါဝင်ခဲ့ပါ့မယ်။

ရက်ရာဇာရဲ့ အသက်ရှူသံကို တစ်ယောက်တစ်လှည့်ဖေးမ
ငါတို့ လမ်းက ခရီးဆန်းမဟုတ်လို့
ခလုတ်တော့ မကင်းဘူး …..။

တစ်လှည့်စီအရိပ်ပေးရင်း
အဝေးဆုံးအထိပေါ့ကွယ် ။
ဒီခေတ်ကြီးက ကိုယ့်ရေကိုချိုးပြီး
သူများကို ခြေထိုးချင်တဲ့ ခေတ်။

သတ္တုနံ့တွေနဲ့ ရပ်ကွက်
နောက်ပြီး
စက္ကူစုတ်ကို ထမင်းလို ထုတ်စားသူတွေရဲ့
အရေခွံ့လဲမှုနဲ့ ဝေးဝေးကို သွားမယ်။

ရင်ဝှက်အံဆွဲရေ ……
ငါ့ရင်မှာ ခိုပြီး ရဲရဲကြီး ၀ဲသွားလိုက်ကြစို့။

နေနှင်းစက်

စက္ကူစားကြသူများ

စက္ကူစားကြသူများ

ဘ၀ပေးကုသိုလ်ကောင်းတဲ့သူတွေက
စက္ကူလေယာဉ်ပျံကြီးစီး
ခရီးတွေသွားကြတယ်။
စားပွဲသောက်ပွဲတွေကို
ကုန်အောင်မစားကြဘူး။
ငါးမန်းတောင်ဟင်းချိုနဲ့ ၀ိုင်နီတွေသောက်တယ်။
အအေးခန်းထဲ ခေါင်းတလှုပ်လှုပ်
ဘီးတပ်ကုလားထိုင်ပေါ် ပါးစပ်တလှုပ်လှုပ်
သူတို့ တံခါးဖွင့်ဖို့လက်မလိုဘူး
သူရဲ့ မဒမ် ပိုကာဝိုင်းသွားတယ်
သူ့သမီးငယ် ပါတီတတ်တယ်
အရံ လူမငယ်တွေနဲ့ သီချင်းတွေ ဆိုကြ
ညအိပ်ဝတ်စုံက သက်ရှိတွန့်ခေါက်တောင်တန်းများ
တစ်ညနဲ့ နောက် တစ်ည
ကုတင်ပေါ်က ကောက်ကြောင်းပြောင်းပြောင်းသွားတယ်။
သူ့ခေါင်းတွေ သေးသေးလာတယ်။
သူ့လက်တွေ ကြီးလာတယ်။
ခန္ဓာဗေဒ ကမ္ဘာကြီးနဲ့ တူတူလာ
ခြေနှစ်ချောင်းက ကျုံလီ
ဘ၀ပေးကုသိုလ်ကောင်းသူတွေက
စက္ကူတွေစားပြီး မြေကြီးထဲသွားကြတယ် …..

နေနှင်းစက်

ကဗျာရှည်

ကဗျာရှည်

စကားလုံးများများ၊ စာမျက်နှာများများ၊ လိုင်းများများရေးလို့ ခင်ဗျားကဗျာရှည်သွားပြီထင်နေလား။ ကဗျာရှည်ရှည်ရေးဖို့ လျှာရှည်ရှည် စကားရှည်ရှည်၊ အလုပ်ရှည်ရှည်၊ အရပ်ရှည်ရှည်၊ အတွေးရှည်ရှည်၊ တဆိတ် ခင်ဗျား လက်တန်ခြေတန်တွေ ရှည်လွန်းတယ်။ ဒီနေရာမှာ ကြားဖြတ်ပြောချင်တာက ခင်ဗျာ နဲ့ ကျုပ် ကိစ္စ။ ခင်ဗျားဘယ်သူလည်းဆိုတဲ့ ကိစ္စ။ ကျုပ်ဘက်ကကြည့်ရင် ခင်ဗျားက ခင်ဗျား ကျုပ်က ကျုပ်၊ ကျုပ်ဘက်က မကြည့်ဘဲ ခင်ဗျားဘက်ကကြည့်တော့ ခင်ဗျားက ကျုပ် ကျုပ်ကခင်ဗျား၊ ကျုပ်နဲ့ ခင်ဗျားကြားမှာ ကဗျာရှိရင် ကျုပ် ကဗျာ ခင်ဗျား ခင်ဗျား ကဗျာ ကျုပ် ကျုပ် နဲ့ ခင်ဗျားက ခင်ဗျား ကဗျာက ကျုပ် ကျုပ် နဲ့ ခင်ဗျားက ကျုပ်က ကဗျာက ခင်ဗျား ကဗျာနဲ့ ခင်ဗျားက ခင်ဗျား ကျုပ်က ကျုပ် ကျုပ်နဲ့ ကဗျာက ခင်ဗျား ခင်းဗျားက ကျုပ်၊ ဒီလိုဆိုရင်လည်း ရှုပ်နေတဲ့ ကိစ္စကို ဒီတိုင်းထားလိုက်မယ်။ ဆက်ပြီးတော့ ပြောမယ် ကဗျာရှည်၊ ကဗျာတို ကိစ္စဆက်မယ်။ “ ကဗျာ တို/ရှည် တစ်ပွဲလောက် ” “ ဟင်းနဲ့လား သကြားနဲ့လား ” “ အချို လျော့လိုက်တာပေါ့ဗျာ ” ဒီစာမျက်နှာကျော် ဟိုစာမျက်နှာရောက်ရင် ဒီစာမျက်နှာက ဟိုစာမျက်နှာဖြစ်ပြီး ဟိုစာမျက်နှာက ဒီစာမျက်နှာဖြစ်သွားမယ် ဒီစကားမျက်နှာပေါ်က ဒီစာကြောင်းတွေ နဲ့ အကြောင်းအရာတွေက ဟိုစာမျက်နှာပေါ် ရောက်မလာဘဲ ဟိုစာမျက်နှာဖြစ်သွားတဲ့ ဒီစာမျက်နှာပေါ်မှာ ဒီအကြောင်းတွေက ဟိုအကြောင်း အဖြစ်နဲ့ ကျန်ခဲ့ပြီး ဟိုစာမျက်နှာက ဒီစာမျက်နှာဖြစ်ပြီး ဒီအကြောင်းအရာဆိုတဲ့ ဟိုအကြောင်းအရာ အသစ်တွေကို မြင်ရပြီး ဟိုအကြောင်းအရာဖြစ်မယ့် ဒီအကြောင်းအရာက အဟောင်း ဖြစ်သွားမယ်။ အမြင်ရှည်ရှည်မြင်ကြ။ ဒါလိုအပ်ချက် အရည်အချင်းလား လုံးဝ မဖြစ်နိုင်ဘူး။ ငါ မထောက်ခံဘူး မိတ်ဆွေ။ အကြည့်တွေ ရှည်ရှည်။ အသံတွေရှည်ရှည်။ သတိရှည်ရှည်။ အိပ်မက်ရှည်ရှည်ထဲ။ ဆံပင်ရှည်ရှည်၊ လက်သည်းရှည်ရှည်၊ အရပ်ရှည်ရှည်၊ လက်တန်သွယ်သွယ် ရှည်ရှည်၊ ငါမမြင်ဘူးတဲ့ ကောင်းမလေး အလှရှည်ရှည်၊ သူမ လမ်းမရှည်ရှည်ပေါ်က တိုက်ခန်းရှည်ရှည်ထဲ ထိုင်ခုံရှည်ရှည်ပေါ်မှာ စန္ဒရား မည်းမည်းရှည်ရှည်ကြီးပေါ်က ခလုတ် ဖြူဖြူ မဲမဲ တိုတို ရှည်ရှည်လေးတွေပေါ် လက်ချောင်း ရှည်ရှည် ဖြူဖြူ လက်သည်းရှည်ရှည် မဲမဲလေးတွေနဲ့ သီချင်းရှည်ရှည် တစ်ပုဒ်ကို အလွမ်းရှည်ရှည်လွမ်းလိုက် အသံရှည်ရှည်ဆွဲလိုက်။ ဒီလိုနဲ့ ဆံပင် မည်းမည်းရှည်ရှည်တွေ ရှည်ရှည်လျားလျား လွန့်လူး …. ဟူးးးးးးးးးးးးးးးးးးးးးး ….

နေနှင်းစက်

တစ်ခါက အခါခါ

တစ်ခါက အခါခါ

တစ်လှမ်းခြင်း ဆန်ဆန်

ရုတ်တရက် ဆန်ဆန်

ရာဇသံမပေးဘဲ ဟိုးလေးတကျော်ကျော် …

မခေါ်ဘဲလာမိသူက ကိုယ့်ကိုကိုယ် ကြိုးကွင်းချ

လွတ်နေတဲ့ နံရိုးကြား သစ်သားပြားတောင် အစားထိုးမထားဘူး

။ထား။ဒါဆိုလည်း ထား။ ဟိုဟာဆိုလည်း ထား။

သီချင်းထဲက ထား။ မဟုတ်။ ဘူး။ ထား။ မရှိရှိတာချ

ထား။ မဟုတ်ရင်

ယူ ထား

ပြီး ရင် သွား။

ရှူဆေးဘူးနဲ့ ကိုယ့်အသက်ကို ကိုယ်ပြန်ဖို့ မလုံလောက်ပါ။

ဟိုးတစ်ခေါက်က တစ်ယောက်တည်း ကြိုးကျစ်စီမံရ။

သွေးပေါင်တွေ ထိုးထိုးကျ

ပြီးမှ ဘယ်သူမှ မမြင်ရလိုက်တဲ့ သာဓကတွေ ခင်း

ကျင်း ပြ သ။

တူ ထား။

ချည်တုပ်ဖို့၊ ဆွဲချဖို့။ ငါ့အနားမရှိတော့ ငါ့နားမရှိတော့ ငါ အနားမရှိတော့ ငါ နားမရှိတော့။

မရှိတော့။ မသိတော့။ မ …. တော့။ …. တော့။ တော့။ …..။

တစ်စုံ .. တစ်ရာ တစ်စုံတစ်ရာမှ မသေချာဘူး။

သွားရအောင် ကိုယ့်ကိုကိုယ်ပဲ အဖော်ညှိ ။

အမိရေ။

ထပ်ထပ်ထပ်ထပ်ထပ်ထပ် ပြီး အလိုက်သိသိသိ ပေးမိပြန်ပြီ။

(နေနှင်းစက်)

“ဖြစ်ရပ်မှန် မျဉ်းစောင်း အမှန်ဖြစ်ရပ်”

ရွာရိုးကိုးပေါက် လမ်းလျှောက်ဖို့

တားမရနိုင်ဘူး

ငါမရောက်ရာ၌ သူပျော်ရွင်စေ။

(နေနှင်းစက်)

မူပိုင်

မူပိုင်

အမှတ်တရ အထောက်အထားတွေ

ပြေးထွက်သွားရင်တောင်

မှတ်မှတ်ရရ ရင်ဘတ်က ဘယ်သူမှ ခိုးမရနိုင်ဘူး။

(နေနှင်းစက်)

“လုပ်ထုံးလုပ်နည်း”

“လုပ်ထုံးလုပ်နည်း”

သီးထပ်၊ သီးညှပ်စိုက်လည်း

ခဏက၊ ခဏပဲ

ကဲ … ဘာတွေဆက်လက်ရှင်သန် ….။

(နေနှင်းစက်)


အရုပ် ရပ်ဝန်း ရှေ့ကြောင်းရာဇ၀င်

ဒီညက ၅ မိနစ်စာ နောက်ပြီး ကျုပ်က ၅ မိနစ်စာ။ ဒီထက်ပိုပြီး စကားလုံး၊ မြစ်ရေ၊ ရာသီဥတု၊ သံယောဇဉ် ရှားပါး။ မြို့ပြကပြောသံတွေ နားကြားမှား။ ဒီလိုနဲ့ မနေ့က မိန်းမ ခါးခါး တစ်ချို့ ခါး။ လက်တစ်ဖက်နဲ့ ခိုးရွှေ့ကြည့်တဲ့ည။ သည်ဖက်ကမ်းမှာလည်း ဂြိုလ်ခုံအလွတ်တစ်ခုရဲ့ အမှား။ များ။ ငါ မမြင်တဲ့ ကြယ် (အခွင့်မရှိပါသဖြင့်) မထိုက်တန်ပါသဖြင့်… စသည်ဖြင့်၊ မမြင်ရသောကြယ်။ ထား ။ သင့်ရာအကြောင်းပြဖြင့် ၀င်ခွင့်လက်မှတ်ရှိသည်။ ရွာစရာ တစ်ခြမ်းတစ်ပိုင်း ဖြင့် လဲလှယ်ရန်အလို့ငှာ ကြော်ငြာထားပါ။ ကျွန်တော့မှာ မွေးရာပါမျက်နှာ မရှိဘူး။ သူ မနမ်းခဲ့တဲ့ပါး .. သူမ မလွမ်း .. သူ လွမ်းရုံသာ။ လက်နှစ်ဖက်၊ ခြေနှစ်ချောင်း ဘီးလူးခေါင်းမစောင်းချင်။

ရှေ့ရာဇ၀င် အနာဂါတ်လက်တစ်လှမ်း။ ကျွန်တော့မျက်ရည် အစစ်တွေ ရှိနေကြောင်း ဘာတွေနဲ့ ပြသနိုင်မလဲ။ သတ္တုဓါတ်နဲ့ စီးဖြန်းထားတဲ့ တံတား ငါတို့ ကြား၊အနား မှာ မရှိစေ၊ မရှိလေကောင်းလေ။ အပြုံးအတုရဲ့ နောက်ကွယ် ရှိုက်ချက် ကျွန်တော့ကိုတကယ် ဘယ်သူမှ မမြင်ကြရဘူး။ အမှန်လွန်သဘောတရားနဲ့ မျက်ကန်းဖြစ် မဖြစ် ကိုယ့်တိုင်ထွင်းခြစ်ရမယ်ဆိုပြန်တော့ …..။ ကြိုးထိုးထားတဲ့ဘ၀ကို ကျွန်တော်မှန်းတယ်။ ဘယ်သူ့ မျက်နှာနဲ့ ဖြစ်ရပြန်ပြီလဲ။ လူတစ်လုံး သူတစ်လုံး လူ မဟုတ်တဲ့ သူ စက္ကူဆုတ်တွေကို မှိုင်းတိုက်လိုက်ချင်ရဲ့။ ၀ါယာကြိုးထဲက ၅၀ တန်ချိုချဉ် ….. လှေကားလက်ရမ်းပေါ်က ၅၀ တန်ချိုချဉ် ကူသူမဲ့ ကယ်သူမဲ့။ အစစ် ဖြစ်ခြင်း မဖြစ်ခြင်း။ တူလွန်းပါတယ် မိတ်ဆွေ သင်နဲ့ ကျုပ် ကွဲလွဲပုံခြင်း။ ကျုပ်အလွဲက ငါ့အနားမနေဘူး။ နားကပ်တစ်ရံ၊ ပန်းသီပုပ်၊ ရှုပ်ရှုပ်ယှက်ယှက် လက်နက်ကြီး။ “မရမ်းသီး” စားဖူးလား “မိတ်ဆွေ”။ နှစ်နှစ်လိုလို မျက်လုံးနဲ့ ပြုံး။ ကာတွန်းနဲ့ ရေးတဲ့ကဗျာ အသားစအနက်ကြီးတွေ အတုတွေ၊ နံပါတ်ကြားမှာ ၀ှက်ထားတဲ့ဓါး …… ၂၆ ချက်ဆိုတာ သွေးမထွက်တဲ့ စိတ်ကြိုက်ဒဏ်ရာ။ အနာ။ တရ။ မေ့မေ့မောမော စက္ကူစတွေဖွာဟ၊ သူပျိုးတဲ့ပန်း ခရမ်းဖြစ်စေ၊ ပန်းခရမ်းဖြစ်စေ။ ၀တ်လစ်စလစ်ညဆို မျက်နှာ မရှိတဲ့ ငနဲရဲ့ ဘ၀ အေးခဲတမ်းတ။ အလိုက်တသိလည်း ဖြိုပေးပါရဲ့။ ဒါ … ။ ကြယ်။ ခရမ်းနုရောင်ဆိုတာ သွေးပျက်ခယ။ သံစဉ်ဆုံးပျောက်။ ဒီလိုနဲ့ ….. အံဆွဲထဲက ပထမဆိုတဲ့ ပထမ။ သူ ၅၊ ငါ မိနစ်၊ တစ်ညတစ်ခန်းစာ ၅ မိနစ်ထဲ …..။

(နေနှင်းစက်)

စကားမဲ့ နေ့နေ့ညည အစပြုပုံများ

ခရမ်းရောင် ပန်းပွင့်တွေလား

ငါ့ကိုငါ သိပ်မကြာခင်ပြာချ

မနေ့က မနေ့က မဟုတ်တဲ့ နေ့က

မိန်းမ

ရင်ထဲ “ဟာ” …

ခနဲ … ငါ

လေ သွေးတွေ တတောက်တောက်

ခရီးမရောက်တရောက် ဘယ်နှစ်ခေါက်ပြန်လှည့်

ဟူး ….

အသက်တွေ ပြင်းပြင်းရှူပြီး … ဟေ့

တစ်နေ့တစ်ခါ တွားတွားသွားတဲ့ မိန်းမ

ကဲ ဘာတွေ ပြန်စပြီးပြီးလဲလေ …. ။

(နေနှင်းစက်)

လှမ်းပြီးခေါ်ရုံနဲ့ ငါကိုယ်ငါ မေ့ချင်သလိုလို ဖြစ်ပြတဲ့ အခါ

ငါးပွက်ရာ ငါးစာချ

ငါ့ဘ၀က ကြယ်တွေလည်း ခပ်ဟဟ မပွင့်ဘူး။

ကဲ …

ပြော “မိကြယ်စင်”

ငါ့ရေသောက်မြစ်မှာ ဓါးထစ်ထားတာ ဘယ်သူများလည်း။

ဟိုးရှေးရှေးတုန်းက

ဒုက္ခဆိုတဲ့ ထော့ကျိုးငနဲ ခရီးတွေကို

အမြဲ အမြဲ သွားတယ်တဲ့လား။

သွားစမ်းပါ။

မေ့လို့မရတဲ့ည “သွား”

ငါ့ ဘ ၀ က တစ်ခါနှစ်ခါ သုံးလေးခါ

ပြာပြာပြာ ခါခါ ကျချတယ်တဲ့ ဗျာ။

နေပေရော့ “မိကြယ်စင်”

ခုနှစ်ထပ်ဖွင့်ထားတဲ့ ကြာပွင့်မှာ နင်မတင့်တယ်ဘူး။

နင့်အဆင့်နဲ့ နင် ကောင်းကင်မှာနေ

ငါစေရင်လည်း နင်မကြွေလာပါဘူး ….. ။

ရှိပါစေတော့ကွာ …

တောထွက်ရာ အရပ်မျက်နှာမှာ

အရှေ့သံအနောက်သံ

ကြာသပတေးနံ မပါတဲ့ ကြာသပတေးမ

ငါ ခဏက ဟာကနဲ ကွာကျသွားပုံများ

မတွေ့ရက် မမြင်ရက် နင်သိပ်ရက်စက်တယ်တဲ့ ။

ဒီစကား နှုတ်ထွက်များရင်

ငါ့ လျှာကိုဖြတ်။

အရပ်ရပ်မှာ ပူဇော်ပသ တွေးလို့ မရစေနဲ့။

ခူးပြီး ခပ်ပြီးသားမှာ ငါ့ထမင်းဟင်းတွေ

မကြာမကြာ ၀င်ဆို့ထွက်ဆို့

….. ….. ….. ….. ….. ….. ။

ပြီးပါပြီ ဆိုမှတော့ …..

ပြောနေလည်း မထူးဘူး

လိုသလိုရူးပစ်ပေးပြီးရင်

ဒါပဲကောင်းပါတယ်လေ …..။

ကျောလေးခိုင်းရုံနဲ့

လုံလုံ လောက်လောက် ဝေး ..... ….. ….. … ..။

တွေးတွေးပြီး သေနေပါရစေလား

မှားစရာတွေ ထား

မှားပြီးရင် ခါး … တဟားဟားရယ်

သွေးလွန် ဓါးနက်နက်မှာ

တစ်ရက်ခစား အသွားပျောက် စာချွန်နဲ့

သွားတုတွေချွတ် .. ဟုတ်ပါတယ်

အဆွယ်ဆိုတဲ့ နိယာမနဲ့ နင်က ဂုတ်ချိုးစားခဲ့တာ ။

ငါလေ အပြစ်တွေ လျှော်ထုတ်

အလုပ်ဟုတ်ဟုတ်မဟုတ်ဟုတ်

“မိကြယ်စင်” သာ … ဘ၀ရဲ့

ပန်းတစ်ပုဒ် ဖြစ်စေ ရှိစေ တည်စေ ချင်ရဲ့။

အသက်တစ်သက်ထွက်ပြီးခါစ

နောက်တစ်သက် မ၀င်ခါနီး

နေမြင်ရင် ရေစွတ် … ငါ့ ထွက်လုနီး

ခန်းခြောက်မှုနဲ့ ….. ….. ….. ….. …..။

တစ်မျှော်တစ်ခေါ်လည်း လွမ်းပါတယ်ကွယ်။

“မိကြယ်စင်” ရေ …. …..

နင့် နံနက်ခင်းမရောက်ခင် အသက်စွန့် ကြိုးပမ်း

ရာဇ၀င်တင်မဲ့ နေ့ဆိုတာလည်း

ရာဇ၀င်တင်မဲ့ နေ့ပဲဆိုပါတော့ … .. ……. ။

ဟူး ကနဲ သက်မချ ….. ပြီး … သက်ထီးချ။

ထီးချ … ဦးထုပ်ချ ..

ကဲဆို .. ခဏခဏ

ရထားစီးတဲ့ ည။

သွားဆိုလည်း သွားပါ့မယ် “မိကြယ်စင်” ရယ်

မရောက်ခင် ပေါက်တဲ့ ဖိနပ်

ငါ့ တစ်သက်နဲ့ ငါ့ တစ်ကိုယ်ပဲ

ဝဲ ….. ၀ဲ ….. လည် ….. လည်

တစ်ခါနဲ့ တစ်ခါ မပြောဖူး ဖြစ်ခဲ့တဲ့စကား

တစ်ဟားဟား ရယ်သွမ်းဖြစ်တဲ့ ည

ဟ တ တ နဲ့

တစ်ခါက အခါခါ

တစ်လွှာပြီး တစ်လွှာ ….

ဘ၀ ရယ် … ဟာ ဆိုပြီး မဟာပါနဲ့ ကွယ်

“မိကြယ်စင်” ….. …..

နင် ပြန်ရာလမ်းမှာ

အခန်း ဘယ်နှစ်ရွက်စာ လွင့်ကျော်ဖြတ်ရွေ့

အဲဒါ ….. …..

နေ့ဆိုလည်း နေ့ပေါ့ ။

မပြောဝံ့ ….. မနာသာ

နင် ဆိုတာ ငါ ခါးရာလမ်း …..။

ခရမ်းတော ပန်းမှာ နင်မပွင့်လည်း

လမ်းနဲ့ ကမ်းမှာ နှင်းတလွင့်လွင့် ဟောဆိုရင် ပွင့်

“မိကြယ်စင်” ရယ်

ဒီနာမည်ကို ထပ်မခေါ်ဘဲ ငါရေတစ်ခွက်လောက်

အရင်သောက်

ဒါလည်း အမော မပြေခဲ့ပါဘူးလေ။

ငါက ….. ….. ….. …..

ဟိုးဟိုး ရှေ့ရှေးတုန်းက ငါပါပဲလေ ….. ။

(နေနှင်းစက်)

``ကျွန်တော်၏ ကွဲလွဲနေသော ကျွန်တော်များ၏ အတွေးဖြင့် ကွဲလွဲနေသာ အတွေးများဖြင့်´´

ဘ၀ နဲ့ ပက်သက်ရာ ပက်သက်ကြောင်း
တကယ်တော့ သတင်းကောင်းမရရှိခဲ့သော
တောထွက်သွားသော စကားစုများ နှင့် ကျွန်တော်
နှင့် စကားမပြောဖြစ်သော ကျွန်တော့စကားစုများ နှင့်
ဒီလိုနှင့် ကျွန်ုပ်တို့ အားလုံး နှင့် ဝေးဝေးလွင့်လွင့် ....

ရောက်ပြီးမှ မသွားဖြစ်သော တစ်ရံတစ်ခါနှင့်
ကြယ်ကြွေရာ အရပ်မျက်နှာ၌ မျက်ဝန်းဖြူစိုက်
လူမ၊ သူမ ညွှန်ရာအရပ် ရေဖြစ်စေ လေဖြစ်စေ
ဘာဆိုဘာ ညာဆိုညာ ဖြစ်စေ
နောက်တစ်ကြောင်း ချရေး ဒါကဗျာ ဖြစ်စေ။

ပြီးလား .. ဒါဖြစ်ပြီးပြီလား ဒါမှမဟုတ် ဒါမှမဟုတ် ဖြစ်ပြီလား
ကဗျာ ဖြစ်လား ... က ကြီး တစ်လုံး နဲ့ ဗျာ များ
မဟုတ်ဘူး ၃၃ လုံး သောဂြိုလ်ကြီးများထဲ
ငါ ပတ်လှည့် ရောက်ဝင် မမှန်ဘူး သွေးထွက်အောင်မှားတယ်
မနေ့ညအထိ ငါအသက်ရှူ မှူမမှန်ပြန်ဘူး
အသက်ရှူသံတွေ ထွက်တစ်ချက် ၀င်တစ်ချက်
တစ်ခါ တစ်ခါ နှစ်ချက် .. တစ်ခါ တစ်ခြား ပြတ်တောက်
နောက်တစ်နေ့ နေ့ထွက်တော့ ... ငါ့မျက်နှာက ငါမဟုတ်တော့ဘူးလို့ ငါ့ကိုပြော

ဒီနားမှာဘာတွေ မှားကုန်လည်း
ကြိုးတစ်ချောင်း နဲ့ မနေ့က (အင်း ထင်ရတာပဲ) ပြတ်သွားတဲ့ အင်းထင်ရတာပဲ ကျန်ခဲ့တဲ့ အင်း .. ထင်ရတာပဲ
လွန်ခဲ့တဲ့ ၅ နှစ်ကျော်ရဲ့ မနေ့က ကြာသပတေးမ
ငါ တစ်စက်စက် သွေးတွေကျ ခဲ့ရ

ဒီနေရာကော ဘာမှန်လည်း
တစ်ယောက်တစ်ဖက် ခြစ်ရာချက်တွေ
ကဲ နောက်တစ်ကြောင်းထပ် ရေး
ဒါ ငါ့ဘ၀ ဒါငါ့ဂီတ ဒါငါ့ ကဗျာ
ကဲ ... ဘာပြောကြဦးမလဲ ...

လူကြီးမင်း ခေါ်ဆိုသော ဖုန်းသည် တရုတ်ပြည်တွင်
လိုင်းမမိသောကြောင့် ခေါ်ဆို မရနိုင်ပါ

နေနှင်းစက် ခေါ်ဆိုသော ဖုန်းသည် တနင်္ဂနွေ နေ့ဖြစ်ပါ၍
ခေါ်ဆို မရနိုင်ပါ

မိတ်ဆွေ ... ခေါ်ဆိုသောဖုန်းသည် ကျွန်တော် မသိသောကြောင့်
သေချာ မပြောနိုင်ပါ ။

ထိုခဏသည် တယ်လီဖုန်းဖြစ်ပြီး စာတန်းဖြစ်ပြီး
အလွမ်းဖြစ်ပြီး ဖြစ်ပြီး ရာသီဥတု
ဒီနေ့ ပူတယ် သူငယ်တန်းဖတ်စာ ထီးယူလာပါ
ဖိနပ်ပါတယ် ဖိနပ်ပါးတယ်...

ဟုတ်ကဲ့ ဒီနေရာမှာ နားမလည်နိုင်သော အရာ ပြီး။

(နေနှင်းစက်)
(ကိုယ်) ။နှင့်။ (စိတ်) မကပ်သော (စိတ်) ။နှင့်။ (ကိုယ်)
နှင့်

ကိုယ့်ကိုကိုယ်လည်း မမြင်ရဘူး
ဘယ်သူ့ကိုမှလည်း မမြင်ရဘူး .....
တကယ်တော့ ငါက
ခဏခဏ ကျပျောက်သွားတဲ့
ငါက တကယ်တော့
ရှိစေတော့ ငါကိုက ကြယ်နဲ့ ဝေးဝေး နေရတဲ့ကောင်

တစ်ဝက်တစ်ပျက် ငိုချင်းချလိုက်တယ် ...
ကျွန်တော့် မိတ်ဆွေတစ်ယောက်
မနေ့တစ်နေ့က အိပ်မက်တွေကို ရောင်းစားပစ်လိုက်တယ်တဲ့ ...

ထမင်းတစ်လုတ်အတွက်
သူမတွေ ဘယ်နှစ်ည အိပ်မက်အရောင်းအ၀ယ်လုပ်ကြမလဲ

သူငယ်ချင်း တစ်ယောက်ပြောဖူးတယ်
ကဗျာဆိုတာ ရေးလို့ မရဘူးတဲ့
ဟုတ်ပါ့မလား ... ဟုတ်ပါတယ် ... မဟုတ်ပါဘူး .. ဟုတ်လို့လား

ကျွန်တော် သိပ်နားမလည်ဘဲ နဲ့ အိပ်မက်တွေ ကို အရောင်းအ၀ယ်လုပ်တယ်
ထမင်းတစ်နပ်အတွက်လည်း မဟုတ်ပြန်ပါဘူး ..
ဒီလိုပဲ အရောင်းအ၀ယ်ဖြစ်သွားတယ်။

နောက်တော့ ည တစ်ညကို ၀ယ်ဖြစ်လိုဝယ်ဖြစ်လိုက်တဲ့အခါ
လက်ပစ်ကူးနေရတဲ့ သင်္ခါရက
နစ်လိုက်ပေါ်လိုက် မြုပ်လိုက် မျောလိုက်
မသေချာဘူး ကကြီး ခခွေး ဂငယ် ဃကြီး င
အင်း ယပင့် ယရစ် ၀ဆွဲ ဟထိုး အသတ်

တစ်လုံး တစ်လုံး လှိုင်းလုံးတွေ ပုတ်ချ
အသံတွေ အလုံးလုံး အထွေးထွေးနဲ့
ကျွန်တော် ညကြီး ကို ပစ်ချလိုက် ပြန်ကောက်လိုက်

ပြီးသွားပြီ ဆိုတော့
စာရွက် လွတ်တစ်ရွက်

(နေနှင်းစက်)

ဆုတောင်း ကောင်း၏ မကောင်း၏

ဆုတောင်း ကောင်း၏ မကောင်း၏

ကျွန်တော် တစ်နေ့ကို ဘယ်နှစ်ခါအသက်ရှူမိသလဲ

တစ်နေ့တစ်ခြား အသံတွေ ပိုပိုကြားလာတယ်

ဂြိုလ်ပြာကြီးရဲ့ အနာဂါတ်အကြောင်းမပြောခင်

ကျွန်တော်အသံတွေ တုန်ရီနေတာပေါ့ မေမေ

ဘယ်အချိန်ရောက်ရောက် တံခါးမခေါက်ဘဲ သူမရောက်ရောက်လာတယ်။

သေသာသေလိုက်ချင်တယ်ကွာ ဘောလုံးပွဲနဲ့ အိပ်မက်နဲ့က လက်ယျာရစ်လှည့်ပြီး ပြန်ထွက်သွားပြန်တယ်။

တကယ်တော့ လူဆိုတာ အသံတွေနဲ့ အမှားအမှန် မရေးရမနေနိုင်တဲ့သူတွေ ပါပဲ လေ။

ထားပါတော့ ကျွန်တော်လည်း တစ်နေ့ ကို မျက်နှာ ဘယ်နှစ်ကြိမ် သစ်နေလဲ။ ဒီတိုင်းပါပဲလေ။ အသစ်ပြန်မဖြစ်ဘူး။

ဟိုးအဝေးကြီးမှာ ကျွန်တော့ မီးရထား လူတွေ လည်း မပါကြဘူး။ ဒါပါပဲလေ ။

စကားသားတွေ ကုန်ရီ တုန်ဖွ ... အမေ ... သား ရင်ပေါ်မှာ မီးခိုးနံ့တွေ နဲ့ လှည်းတန်းဈေးလေးကို သတိရတယ်။

မာစီးဒီးကားနဲ့ စက္ကူ မှိုနဲ့တွေကိုလည်း ကြည်ဖြူတယ်။ ထမင်းရည် အတူသောက်ပြီး မနပ်မှန်တဲ့ ဟင်းတွေကိုလည်း မြတ်နိုးတယ်။ သူလိုမျိုး ဘယ်မှာရှိလည်း။

သူ့အင်္ကျီကို ဖြဲ သူ့ သွေးကို စုတ် သူ့အသက်ကို နှုတ်တော့ ... မေမေရယ် သူလည်း မောလို့ နာလို့ နည်းနည်း နေရာရွှေ့တာပါ။

ကလိုရိုဖောင်းနံရတယ်။ အဲဒီနေရာကို ပြန်ရှာကြည့်တော့ ခြေနှစ်ချောင်းနဲ့ လူစွမ်းကောင်းတွေ လက်နက်ငယ်လေးတွေကိုင်လို့။

မိမဲ့ ဖမဲ့ အဲဒီ လက်နက်က ဘယ် နတ်မင်းက ဖန်ဆင်းလိုက်သလဲ။ ကျွန်တော် စကားမပြောဘူး မေမေ။ ဒီလူက လူမဟုတ်ဘူး။

ဟိုးရှေးရှေးတုန်းက သူမ သိပ်နုပျိုတယ်။ သူမ ကွေ့ကောက်နေတဲ့ ဆံနွယ်လေးတွေ တစ်ဖြေးဖြေး လျော့ပါး။

ဟိုးရှေးရှေးက သူမ ကောက်ကြောင်းထင်ရှားတဲ့ အရာတွေ တအိအိပြိုကြ။ မဟုတ်ဘူး ဖြိုချခံရတယ်။ သူမ နည်းနည်း လူးလွန့်ခွင့်ပြုပါ။

သူမ ရဲ့ စိုပြေမှု အခု ... ။ မေမေ သူမ တစ်ခါတစ်လေ ညဉ်းညူပါစေ။

သူတို့က ကျွန်တော်တို့က ကိုယ့်အနာမှ နာတယ် ထင်တတ်ကြတာလေ။ ဒါဆိုလည်း မကြာမှီလာမည်မျှော်ပေါ့။

သူမရင်တုန်ပန်းတုန်နဲ့ ခါခါ ချလိုက်တဲ့ အခါမှာ ... ။ မေမေ အပြစ်မဲ့ သူတွေနဲ့ အပြစ်နဲ့ သူတွေ ရွေးချယ်ခွင့်မရှိပါဘူးလေ။

မမှန်မကန်ဆိုတဲ့ စကားရပ်ကို အထပ်ထပ်ရွတ်ဆို သူ့လက်ထဲမှာ ... ။

မေမေရေ ...... ဒီနေ့တော့ ဒီလောက်ပါပဲ ... ။

ဘယ်လိုနေ့ရက်ရောက်ရင် ဘယ်လို ကခုန်ရမယ် ဆိုတာလောက်တော့ ခရီးပေါက်နေပါပြီ။ လွတ်လပ်မှုတွေ ။ လစ်လပ်မှုတွေ။ ခရီးပေါက်နေပါပြီ။

မေမေရေ သစ်သစ် မသစ်သစ် သားတို့ မျက်နှာသစ်ကြည့်ကြစို့။

(နေနှင်းစက်)

ဆုတောင်းကြမ်းသူ (များ)

ဆုတောင်းကြမ်းသူ (များ)

(၁၅၀၀)

ဒီနေ့ကို လွန်ပြီးရင် နောက်ထပ် ဒီနေ့

ဖျားဖျားနာနာ ဆိုလို့ သူမ မရှိတဲ့ နေ့ ဖြစ်မယ်

ငါ့ နေ့များစွာ

သူမ ခြေဖျားနားမှ ကပ်ပါးဘ၀ ဖြစ်ရစေ။

(၀)

စကားလုံးနည်းနည်းနဲ့

တစ်ကြောင်းချင်းကို တစ်လုံးချင်းရွတ်

( လို တိုင်းနိုင် )

အ ရာ ရာ ခဏ ဖြစ် စေ

(နေနှင်းစက်)

/////


သို့ နှစ်ကိုခွဲ အရွေ့

ရုပ်သေးရဲ့ နှစ်ကိုယ်ခွဲ အရွေ့ ကဗျာလေးကို ပြန်ခံစားပြီး ရေးဖွဲ့ထားတာပါ ...း)

(ဗလာ)

သို့

နှစ်ကိုခွဲ အရွေ့

ရုပ်သေး

ရှင်ရေ လို့ခေါ်တတ်တဲ့ ကျွန်မ ကို ရှင်က တစ်ခုခု ပြောစရာရှိတယ်။ နာမ်စားတွေ အသုံးနဲတယ်။ ရှင် ရယ် ကျွန်မ ရယ် ခဏခဏ တော်လောက်ပါပြီ ကျွန်မ ရယ်။ ရှင်ရှင် လို့ ထပ်မခေါ်နဲ့တော့ ထပ် မပြောနဲ့တော့။ ဒါပေမယ့် ထားလိုက်ပါတယ် ကျွန်မ။ ရှင် ကျေနပ်တယ်။

ရှင် မကြိုက်တဲ့၊ ရှင် စားဖို့မဖြစ်တဲ့၊ ရေခဲမုန့်လေး တစ်ခုကို ကျွန်မ သိမ်းထားတာ ကျုပ်သိတဲ့ အကြောင်း ရှင် သိပါတယ် ကျွန်မရယ် ဆိုပြီး ရှင် ပြောပြရင် ရှင်ရယ် လို့ ကျွန်မ ပြောဦးမှာပေါ့နော်။ ရှင် မသိပါဘူးဆိုတဲ့ ငါးကလေးတွေကို စကားပြောတဲ့ ကျွန်မ အကြောင်း ရှင်သိတယ် ဆိုတာ ကျွန်မ မှမသိဘဲလို့ ပြောလိုက်ပါ။ ကျွန်မ ရယ် ရှင်က အရိပ် တစ်ကြည့်ကြည့် မနေတတ်ပေမယ့် ကျွန်မ ကို အမြဲ မြင်တယ်ဆိုတာ ကျွန်မ မသိသေးခင်ကတည်းက မပြောပြဖြစ်တာ ရှင့် အပြစ်ပါ ကျွန်မရယ်။ ရှင်ရယ် လို့ နောက်ထပ် ဘယ်နှစ်ခွန်း ခေါ်မလဲ။

ရှင်မှော်ဆန်တာတွေ ဘယ်မှာတွေ့လဲတဲ့လား စန္ဒရားခလုတ်မှာ လက်ချောင်းလေးတွေ တရွေ့ရွှေ့ပေါ် ပြေးနေ။

ရှင် တွေ့မတွေ့ ကျွန်မ အမြဲမေးမှာ မဟုတ်ဘူး။ ဒီလို ရှင် နားလည်ထားတာ လွဲချော်နေတယ် ဆိုရင် ကျွန်မ ပြောပြပေးပေါ့။ ကျွန်မ သဒ္ဒါနည်းတွေပဲ မှားတာလား ရှင် ကဘဲ နားလည်လွယ်တာလား။ ရှင် သိချင်တယ် ကွာ။ ရှင် မလိုလားတဲ့ အရာတွေထဲမှာ ကျွန်မ မနေချင်တဲ့ တနေကုန် နဲ့ ဒီအခန်းသိုးကြီးလည်း ပါရမှာပေါ့ ... ကျွန်မရယ်။ ရှင် အအ သွားတယ်။ ရှင် ပြောပြချင်သေးကြောင်း ကျွန်မ သိလို့ ပြောရှင်းကို ကို မရခဲ့တာ ရှင် အတွက် ကျွန်မ ကို ပြရှင်းနိုင်မှာလို့ ရှင် ထင်နေခွင့်ပြုပါဦး။ ရှင် ထင်တယ်၊ မထင်တယ်နဲ့။ ကျွန်မ ယုံတယ်၊ မယုံတယ်ကို။ ခဏဖယ်ထားလိုက်ရင် လှေကားတွေ အကြောင်းပဲပေါ့ ... ဒါကိုပါ ချန်ထားလိုက်တော့မယ်။ ရှင့် သဘောတော့ မဟုတ်ရပါဘူး .. ကျွန်မ မကြိုက်တတ်တာတွေကို ရှင် ဖယ်ပေးထားချင်တယ်ဆိုတာ ကျွန်မ သိရဲ့လား။ တကယ်ဆို ရှင် ခဏတစ်ဖြုတ်လောက် ဆိုပြောချင်တယ်။

ဒါ ကြွပ်ကြွပ်အိတ်တွေ၊ ဆေးလိပ်တွေ၊ ကဗျာရေခြုံထားတဲ့ ဓါးလှံလက်နက် နျူကလီးယားတွေမှ မဟုတ်တာ။ ရှင် မကြောက်ဘူး ရှင် မကြောက်ခဲ့ပါဘူးကွယ်။ ဖြူလွန်းလို့ တုန်ရီမိတာ ကျွန်မ သတိထားမိမှာပါ။ မထင်မှ မထင်မိပဲကိုး။

နှင်း နှင်းတွေတွေ

ကျွန်မ တနေကုန် မျှားနေတဲ့ လူတွေထဲမှာ ရှင်ပါလာ၊ ရှင့်အတွက်လား၊ သူတို့ ပျင်းရိနေလို့လား၊ ရှင်ပျင်းရိနေလို့လား၊ ကျွန်မ ပျင်းရိမှာဆိုးလို့လား။ ကျွန်မ ဒါပဲလုပ်တတ်တာ မဟုတ်တဲ့အကြောင်း ရှင် ကို မေးမေး မနေတော့။ ဒါဆို ကျွန်မ မမေးမိ၊ မမေးရင် လည်း ရှင် ဖြေမှာပါ။ ရှင် ရဲ့ အတတ်ပညာမှာ အထူးချွန်ဆုံး ပါရမီက ကျွန်မ လှုပ်ရှားမှုတွေကို အဆက်မပြတ် ကျွန်မ မသိအောင်သိရှိချင်းပေါ့။
ရှင် ... မကြားပါရစေနဲ့တော့။ ရှင် သိပါတယ်။ ဒါတွေ အားလုံးလည်း ရှင်သိပါတယ်။ ကျွန်မ ကြားနိုင်ပါစေ။ ကြားနိုင်ပါစ။ ကြားနိုင်ပါလိမ့်။ ကျွန်မ သိပါတယ်။ ကျွန်မ သိနေပါတယ်။ ရှင် ကြားနိုင်ပါစေ။ ကြားနိုင်ပါစ။ ကြားနိုင်ပါလိမ့်။ မျက်စောင်းတည့်တည့်။ ရှင်။ ရှဥ့်။ သရဖီပင်။ အပြေးပြိုင်ပွဲ။ ရှင်။ ကျွန်မ။ သိပါစေ။ သိပါစ။ သိပါလိမ့်။ အမေးသံတွေ ရပ်တော့မှာလား။ ရှင် ရှင်းပြ မယ်။

ကျွန်မ ဆိုသွားတဲ့ သီချင်း တစ်ပုဒ်ထဲမှာ ရှင် ဘယ်နှစ်ခါ လဲသွားခဲ့သလဲ။ ကျွန်မ မမြင်လိုက်တော့ အသံမကြားရဘူးလို့ ရှင်ဖြေနေတယ်လို့ ထင်ယောင်မှားတယ်ပေါ့။ ရှင် မညာပါဘူး ကျွန်မ ငယ်ငယ်တကည်းက သီချင်းအမြဲနားထောင်နေတဲ့ အသံရှိပါတယ်။ ကျွန်မဘာတွေ လုပ်နေတယ်ဆိုတာ ရှင် မသိဘူးလို့ ပြောလိုက်တာလား ကျွန်မ။ ရှင် အက်ပရက်စ်ဆို တစ်ခွက်သောက်တတ်မှန်း ကျွန်မ သိနေသေးတဲ့အခါ ရှင် သိပ်ပျော်မိပြီး ရှိုက်ကြီးတငင်နဲ့ ကျွန်မအတွက် ပျော်ပျော်ပါးပါး ရှိုက်ရင်း ပန်းချီ ထပ်ထပ်ဆွဲပေးမှာပါ။ ကျွန်မ စကားပြောလေ့ရှိတဲ့ ငါးလေးတွေ ပျံသန်းနေတဲ့ သဲကျင်းနက်နက်တွေ ကြည်လင်ပြတ်သားတဲ့ အသံဝါးဝါး ပါနေရမယ်။ ရှင် မစိုးရိမ် မိဘူး။ ကျွန်မ နှုတ်ခမ်းနီ မဆိုးတတ်မှန်း ရှင်သိပါတယ် ကျွန်မ။ ကျွန်မ ကြိုက်မယ်ဆို ရှင့် လက်သန်းတစ်ချောင်းထက်ပိုပြီး ရုပ်ကြွင်း တစ်ခြမ်း၊ ကဗျာ ရွက်ပြတ်၊ အသံ တစ်ဝက်၊ အို ... ပြောလို့ မကုန်အောင် ရှင်ပေးနိုင်တာ ကျွန်မ သိလား။ ရှင် ပြောသံထွက်ခွင့် ရပါစေ ကျွန်မ။ ဆုတောင်းသံတွေ ပေါင်မုန့်တစ်လုံး နဲ့ ၇ ထပ်တိုက်ကိုတော့ ကျွန်မမမြင်အောင် ထည့်ဆွဲပေးလိုက်မယ် ကျွန်မ က အဲဒီ နေရာအနှံပါနေတော့ ကျွန်မ မြင်သွားလို့ မဖြစ်ဘူးလေ ရှင် ရေးတဲ့ ပန်းချီမှာ လူတွေ ရေကူးကြမယ်။ တစ်ချို့တွေပေါ့။ ကျွန်မ လှေလေးနောက်ကို လိုက်စရာရှိတာ လိုက်ပါ။ ကျွန်မ မမြင်အောင် ရှင် ရေးတဲ့ ပန်းချီထဲမှာ ရေးကူးနေတဲ့လူအချို့၊ ဘယ်ဘက်လက်သန်းတစ်ချောင်း၊ ပေါင်မုန့်၊ တိုက်၊ အားလုံး ကျွန်မ မမြင်အောင် ထည့်ဆွဲပေးလိုက်ပါ့မယ်။ ကျွန်မ ပုံ ပါအောင် ကျွန်မ ပုံကို ကျွန်မက မမြင်အောင် ထည့်ဆွဲပေးစေချင်မှတော့ ရှင် ရေးသမျှ အချက်တိုင်းကို ကျွန်မ မမြင်အောင်ဘဲ ကျွန်မ အကြောင်းနဲ့ ကျွန်မ လိုချင်တာတွေ ကျွန်မ မြင်လို့ မဖြစ်လို့ မမြင်အောင်ဘဲ ကျွန်မက လှုပ်ရပ်တိုင်း ပါနေတော့ ကျွန်မ မမြင်ချင်တဲ့ ကျွန်မကို ကျွန်မ မသိမြင်ရအောင် မရအရ ထည့်ဆွဲပေးလိုက်ပါ့မယ်။ ကျွန်မ ပြန်တော့မှာ။ ရှင် သွားတော့မှာ။ .... လား။ .... လား။ အခန်းထဲက ကြွက်တွေကိုပါ ရှင် မြင်ခွင့်ရအောင် ကျွန်မ ပြချင်မယ်မှန်း သိပါ။ ချစ်စရာကောင်းတဲ့ ကြွက်တွေကို ကျွန်မ ချစ်တယ်။ ရှင် ချစ်လား။ ရှင် မြင်ချင်တယ်။ ကျွန်မ ချစ်တဲ့ ကြွက်တွေကို ရှင်မြင်ချင်ပါတယ်။ အနုပညာဆန်တယ်ဆိုတဲ့ စကားလုံးနဲ့ တင် ဒီကြွက်တွေကို ကျွန်မ ချစ်နေမှန်း ရှင်သိ၊ မသိ၊ ကျွန်မ သိတယ် မသိဘူး ကိစ္စကို ရှင် မရီချင် မိဘူးဆိုတာ ကျွန်မသိ၊ မသိ ရှင် သိတယ် မသိဘူး ဒီကိစ္စကို သေသေချာချာ ကျေကျေလည်လည် ဒီတိုင်းထားလိုက်ပြီးရင်။ မှန်တစ်ချပ်ကို ရှင်ရိုက်ခွဲ ပစ်ချင်နေတယ် ကျွန်မကို ခဏခဏ ၀ှက်ထားတတ်လို့ ရှင် စိတ်ဆိုးတယ်လေ။

သူကတော့ ကြိုက်တယ်ထဲ အိမ်အသိုးကြီးမှာလေ ကျွန်မ နေရတာကတော့ မနေနိုင်ပါဘူး။

ကျွန်မကို ရှင်နားလည်တယ်။ ကျွန်မ နာရီတစ်လုံးကို ရှင် မသိမသာ မမြင်ခင်ကတည်း ရှင်နားလည်တယ်။ ရှုပ်နေတာတွေနဲ့ ရှင်းတမ်းလုပ်ထားတဲ့ အောက်မှာ အဲဒီနာရီလေး နောက်ပြီး ကျွန်မ လှေကားတွေ ကို မကြိုက်တာ .. အနုပညာနဲ့ ကြွက်တွေနဲ့ ကျွန်မ ပုံမပါဘဲ ကျွန်မကို ပန်းချီထဲ ထည့်ဆွဲခိုင်းတာ၊ ရှင်မကြိုက်တာတွေကို ကြိုက်နေမိပါတယ်။ ကျွန်မ သိမ်းထားတာ ရှင်မကြိုက်တဲ့ ရေခဲမုန့် ဆိုတော့ ကျွန်မ လုပ်နေတာတွေ ရှင် သဘောကျပါတယ် ... ရှင်မကြိုက်တဲ့ အရာကို ရှင့်ဆီကို မပို့ပေးခဲ့လို့လေ။

ရှင်ကလေ ရေခဲမုန့် မကြိုက်ဘူးကိုတော့ ဒါ ရှင်သဘောကျမှာပါ ............. ................................... ..... ..... .... ....... ....... ......................... ........... .......... ............. ............ ........ .............. ...... ....... ....

(နေနှင်းစက်)
လိုရမယ်ရ လွဲနေတဲ့ကောင်ရဲ့ ရှုခင်းများ

မိုးရေချိန်နဲ့ ငါက
ကွာဟချက် ကြီး ကြီးမားမား တစ်ယောက်ချင်းစီ တစ်ပိုင်တစ်နိုင်သယ်
ဘယ်လောက်တောင်များလိုက်တဲ့ လမ်းတွေလည်း

သူလည်းလိုက်မယ် ငါလည်းလိုက်မယ်
တကယ်တော့ တန်ရာတန်ကြေးဆိုတာ
ငါဘာမှမရတဲ့ ကိစ္စမျိုးတွေအတွက်ပဲ ငါ့အတွက်ရှိတယ်။

နံရိုးတစ်ချောင်း နဲ့ နံရံတစ်ခြမ်း
နောက်တစ်နေရာရာမှာ လူတွေသူတွေရှာနေတော့ မျက်ဝန်းရဲရဲလေးတွေ
ငါ ဆိုတာ ပွဲတော်ကြီး တစ်ခုလုံးရဲ့ ဟိုးအပြင်ဘက်မှာ
လွဲလွဲချော်ချော် ပျော်နေတယ်လို့ ထင်ရတဲ့ကောင်

ကမ်းရိုးတမ်းများ၊ မိုးရေစက်လက် ထီးရွက်များ၊
သွေးယိုစိမ့်မှုများ၊ ရောဂါဘယ ကင်းစင်သောနေ့များ၊
လက်ကိုင်ဖုန်းများ၊ ရှိုးပွဲများ၊
ဘယ်သူမှ မတွက်ချက်မိသေးသော သောကများနှင့်
တစ်ယောက်ထဲ လုံးချာလည်
ငါ ကိုယ်တိုင်လည်း ဘာမှ မသိ

ဒီလိုနဲ့ ငါညတွေ
မဟုတ်ဘူး သူတို့ညတွေ
မှိန်ဝါးဝါးဖြစ်နေရတုန်းပါ ပဲလေ ..... ။

(နေနှင်းစက်)
10FEB130435AM