အဆောင် ၂၆ အခန်း ၂၆

အဆောင် ၂၆ အခန်း ၂၆

ဘယ်လိုခေါက်ခေါက်
ဒေါက်ဒေါက်ဒေါက် မမြည်တဲ့ တံခါးကနေ
ငါဝင်ခဲ့ပါ့မယ်။

ရက်ရာဇာရဲ့ အသက်ရှူသံကို တစ်ယောက်တစ်လှည့်ဖေးမ
ငါတို့ လမ်းက ခရီးဆန်းမဟုတ်လို့
ခလုတ်တော့ မကင်းဘူး …..။

တစ်လှည့်စီအရိပ်ပေးရင်း
အဝေးဆုံးအထိပေါ့ကွယ် ။
ဒီခေတ်ကြီးက ကိုယ့်ရေကိုချိုးပြီး
သူများကို ခြေထိုးချင်တဲ့ ခေတ်။

သတ္တုနံ့တွေနဲ့ ရပ်ကွက်
နောက်ပြီး
စက္ကူစုတ်ကို ထမင်းလို ထုတ်စားသူတွေရဲ့
အရေခွံ့လဲမှုနဲ့ ဝေးဝေးကို သွားမယ်။

ရင်ဝှက်အံဆွဲရေ ……
ငါ့ရင်မှာ ခိုပြီး ရဲရဲကြီး ၀ဲသွားလိုက်ကြစို့။

နေနှင်းစက်

စက္ကူစားကြသူများ

စက္ကူစားကြသူများ

ဘ၀ပေးကုသိုလ်ကောင်းတဲ့သူတွေက
စက္ကူလေယာဉ်ပျံကြီးစီး
ခရီးတွေသွားကြတယ်။
စားပွဲသောက်ပွဲတွေကို
ကုန်အောင်မစားကြဘူး။
ငါးမန်းတောင်ဟင်းချိုနဲ့ ၀ိုင်နီတွေသောက်တယ်။
အအေးခန်းထဲ ခေါင်းတလှုပ်လှုပ်
ဘီးတပ်ကုလားထိုင်ပေါ် ပါးစပ်တလှုပ်လှုပ်
သူတို့ တံခါးဖွင့်ဖို့လက်မလိုဘူး
သူရဲ့ မဒမ် ပိုကာဝိုင်းသွားတယ်
သူ့သမီးငယ် ပါတီတတ်တယ်
အရံ လူမငယ်တွေနဲ့ သီချင်းတွေ ဆိုကြ
ညအိပ်ဝတ်စုံက သက်ရှိတွန့်ခေါက်တောင်တန်းများ
တစ်ညနဲ့ နောက် တစ်ည
ကုတင်ပေါ်က ကောက်ကြောင်းပြောင်းပြောင်းသွားတယ်။
သူ့ခေါင်းတွေ သေးသေးလာတယ်။
သူ့လက်တွေ ကြီးလာတယ်။
ခန္ဓာဗေဒ ကမ္ဘာကြီးနဲ့ တူတူလာ
ခြေနှစ်ချောင်းက ကျုံလီ
ဘ၀ပေးကုသိုလ်ကောင်းသူတွေက
စက္ကူတွေစားပြီး မြေကြီးထဲသွားကြတယ် …..

နေနှင်းစက်

ကဗျာရှည်

ကဗျာရှည်

စကားလုံးများများ၊ စာမျက်နှာများများ၊ လိုင်းများများရေးလို့ ခင်ဗျားကဗျာရှည်သွားပြီထင်နေလား။ ကဗျာရှည်ရှည်ရေးဖို့ လျှာရှည်ရှည် စကားရှည်ရှည်၊ အလုပ်ရှည်ရှည်၊ အရပ်ရှည်ရှည်၊ အတွေးရှည်ရှည်၊ တဆိတ် ခင်ဗျား လက်တန်ခြေတန်တွေ ရှည်လွန်းတယ်။ ဒီနေရာမှာ ကြားဖြတ်ပြောချင်တာက ခင်ဗျာ နဲ့ ကျုပ် ကိစ္စ။ ခင်ဗျားဘယ်သူလည်းဆိုတဲ့ ကိစ္စ။ ကျုပ်ဘက်ကကြည့်ရင် ခင်ဗျားက ခင်ဗျား ကျုပ်က ကျုပ်၊ ကျုပ်ဘက်က မကြည့်ဘဲ ခင်ဗျားဘက်ကကြည့်တော့ ခင်ဗျားက ကျုပ် ကျုပ်ကခင်ဗျား၊ ကျုပ်နဲ့ ခင်ဗျားကြားမှာ ကဗျာရှိရင် ကျုပ် ကဗျာ ခင်ဗျား ခင်ဗျား ကဗျာ ကျုပ် ကျုပ် နဲ့ ခင်ဗျားက ခင်ဗျား ကဗျာက ကျုပ် ကျုပ် နဲ့ ခင်ဗျားက ကျုပ်က ကဗျာက ခင်ဗျား ကဗျာနဲ့ ခင်ဗျားက ခင်ဗျား ကျုပ်က ကျုပ် ကျုပ်နဲ့ ကဗျာက ခင်ဗျား ခင်းဗျားက ကျုပ်၊ ဒီလိုဆိုရင်လည်း ရှုပ်နေတဲ့ ကိစ္စကို ဒီတိုင်းထားလိုက်မယ်။ ဆက်ပြီးတော့ ပြောမယ် ကဗျာရှည်၊ ကဗျာတို ကိစ္စဆက်မယ်။ “ ကဗျာ တို/ရှည် တစ်ပွဲလောက် ” “ ဟင်းနဲ့လား သကြားနဲ့လား ” “ အချို လျော့လိုက်တာပေါ့ဗျာ ” ဒီစာမျက်နှာကျော် ဟိုစာမျက်နှာရောက်ရင် ဒီစာမျက်နှာက ဟိုစာမျက်နှာဖြစ်ပြီး ဟိုစာမျက်နှာက ဒီစာမျက်နှာဖြစ်သွားမယ် ဒီစကားမျက်နှာပေါ်က ဒီစာကြောင်းတွေ နဲ့ အကြောင်းအရာတွေက ဟိုစာမျက်နှာပေါ် ရောက်မလာဘဲ ဟိုစာမျက်နှာဖြစ်သွားတဲ့ ဒီစာမျက်နှာပေါ်မှာ ဒီအကြောင်းတွေက ဟိုအကြောင်း အဖြစ်နဲ့ ကျန်ခဲ့ပြီး ဟိုစာမျက်နှာက ဒီစာမျက်နှာဖြစ်ပြီး ဒီအကြောင်းအရာဆိုတဲ့ ဟိုအကြောင်းအရာ အသစ်တွေကို မြင်ရပြီး ဟိုအကြောင်းအရာဖြစ်မယ့် ဒီအကြောင်းအရာက အဟောင်း ဖြစ်သွားမယ်။ အမြင်ရှည်ရှည်မြင်ကြ။ ဒါလိုအပ်ချက် အရည်အချင်းလား လုံးဝ မဖြစ်နိုင်ဘူး။ ငါ မထောက်ခံဘူး မိတ်ဆွေ။ အကြည့်တွေ ရှည်ရှည်။ အသံတွေရှည်ရှည်။ သတိရှည်ရှည်။ အိပ်မက်ရှည်ရှည်ထဲ။ ဆံပင်ရှည်ရှည်၊ လက်သည်းရှည်ရှည်၊ အရပ်ရှည်ရှည်၊ လက်တန်သွယ်သွယ် ရှည်ရှည်၊ ငါမမြင်ဘူးတဲ့ ကောင်းမလေး အလှရှည်ရှည်၊ သူမ လမ်းမရှည်ရှည်ပေါ်က တိုက်ခန်းရှည်ရှည်ထဲ ထိုင်ခုံရှည်ရှည်ပေါ်မှာ စန္ဒရား မည်းမည်းရှည်ရှည်ကြီးပေါ်က ခလုတ် ဖြူဖြူ မဲမဲ တိုတို ရှည်ရှည်လေးတွေပေါ် လက်ချောင်း ရှည်ရှည် ဖြူဖြူ လက်သည်းရှည်ရှည် မဲမဲလေးတွေနဲ့ သီချင်းရှည်ရှည် တစ်ပုဒ်ကို အလွမ်းရှည်ရှည်လွမ်းလိုက် အသံရှည်ရှည်ဆွဲလိုက်။ ဒီလိုနဲ့ ဆံပင် မည်းမည်းရှည်ရှည်တွေ ရှည်ရှည်လျားလျား လွန့်လူး …. ဟူးးးးးးးးးးးးးးးးးးးးးး ….

နေနှင်းစက်

တစ်ခါက အခါခါ

တစ်ခါက အခါခါ

တစ်လှမ်းခြင်း ဆန်ဆန်

ရုတ်တရက် ဆန်ဆန်

ရာဇသံမပေးဘဲ ဟိုးလေးတကျော်ကျော် …

မခေါ်ဘဲလာမိသူက ကိုယ့်ကိုကိုယ် ကြိုးကွင်းချ

လွတ်နေတဲ့ နံရိုးကြား သစ်သားပြားတောင် အစားထိုးမထားဘူး

။ထား။ဒါဆိုလည်း ထား။ ဟိုဟာဆိုလည်း ထား။

သီချင်းထဲက ထား။ မဟုတ်။ ဘူး။ ထား။ မရှိရှိတာချ

ထား။ မဟုတ်ရင်

ယူ ထား

ပြီး ရင် သွား။

ရှူဆေးဘူးနဲ့ ကိုယ့်အသက်ကို ကိုယ်ပြန်ဖို့ မလုံလောက်ပါ။

ဟိုးတစ်ခေါက်က တစ်ယောက်တည်း ကြိုးကျစ်စီမံရ။

သွေးပေါင်တွေ ထိုးထိုးကျ

ပြီးမှ ဘယ်သူမှ မမြင်ရလိုက်တဲ့ သာဓကတွေ ခင်း

ကျင်း ပြ သ။

တူ ထား။

ချည်တုပ်ဖို့၊ ဆွဲချဖို့။ ငါ့အနားမရှိတော့ ငါ့နားမရှိတော့ ငါ အနားမရှိတော့ ငါ နားမရှိတော့။

မရှိတော့။ မသိတော့။ မ …. တော့။ …. တော့။ တော့။ …..။

တစ်စုံ .. တစ်ရာ တစ်စုံတစ်ရာမှ မသေချာဘူး။

သွားရအောင် ကိုယ့်ကိုကိုယ်ပဲ အဖော်ညှိ ။

အမိရေ။

ထပ်ထပ်ထပ်ထပ်ထပ်ထပ် ပြီး အလိုက်သိသိသိ ပေးမိပြန်ပြီ။

(နေနှင်းစက်)

“ဖြစ်ရပ်မှန် မျဉ်းစောင်း အမှန်ဖြစ်ရပ်”

ရွာရိုးကိုးပေါက် လမ်းလျှောက်ဖို့

တားမရနိုင်ဘူး

ငါမရောက်ရာ၌ သူပျော်ရွင်စေ။

(နေနှင်းစက်)

မူပိုင်

မူပိုင်

အမှတ်တရ အထောက်အထားတွေ

ပြေးထွက်သွားရင်တောင်

မှတ်မှတ်ရရ ရင်ဘတ်က ဘယ်သူမှ ခိုးမရနိုင်ဘူး။

(နေနှင်းစက်)

“လုပ်ထုံးလုပ်နည်း”

“လုပ်ထုံးလုပ်နည်း”

သီးထပ်၊ သီးညှပ်စိုက်လည်း

ခဏက၊ ခဏပဲ

ကဲ … ဘာတွေဆက်လက်ရှင်သန် ….။

(နေနှင်းစက်)