ဆုတောင်း ကောင်း၏ မကောင်း၏
ကျွန်တော် တစ်နေ့ကို ဘယ်နှစ်ခါအသက်ရှူမိသလဲ
တစ်နေ့တစ်ခြား အသံတွေ ပိုပိုကြားလာတယ်
ဂြိုလ်ပြာကြီးရဲ့ အနာဂါတ်အကြောင်းမပြောခင်
ကျွန်တော်အသံတွေ တုန်ရီနေတာပေါ့ မေမေ
ဘယ်အချိန်ရောက်ရောက် တံခါးမခေါက်ဘဲ သူမရောက်ရောက်လာတယ်။
သေသာသေလိုက်ချင်တယ်ကွာ ဘောလုံးပွဲနဲ့ အိပ်မက်နဲ့က လက်ယျာရစ်လှည့်ပြီး ပြန်ထွက်သွားပြန်တယ်။
တကယ်တော့ လူဆိုတာ အသံတွေနဲ့ အမှားအမှန် မရေးရမနေနိုင်တဲ့သူတွေ ပါပဲ လေ။
ထားပါတော့ ကျွန်တော်လည်း တစ်နေ့ ကို မျက်နှာ ဘယ်နှစ်ကြိမ် သစ်နေလဲ။ ဒီတိုင်းပါပဲလေ။ အသစ်ပြန်မဖြစ်ဘူး။
ဟိုးအဝေးကြီးမှာ ကျွန်တော့ မီးရထား လူတွေ လည်း မပါကြဘူး။ ဒါပါပဲလေ ။
စကားသားတွေ ကုန်ရီ တုန်ဖွ ... အမေ ... သား ရင်ပေါ်မှာ မီးခိုးနံ့တွေ နဲ့ လှည်းတန်းဈေးလေးကို သတိရတယ်။
မာစီးဒီးကားနဲ့ စက္ကူ မှိုနဲ့တွေကိုလည်း ကြည်ဖြူတယ်။ ထမင်းရည် အတူသောက်ပြီး မနပ်မှန်တဲ့ ဟင်းတွေကိုလည်း မြတ်နိုးတယ်။ သူလိုမျိုး ဘယ်မှာရှိလည်း။
သူ့အင်္ကျီကို ဖြဲ သူ့ သွေးကို စုတ် သူ့အသက်ကို နှုတ်တော့ ... မေမေရယ် သူလည်း မောလို့ နာလို့ နည်းနည်း နေရာရွှေ့တာပါ။
ကလိုရိုဖောင်းနံရတယ်။ အဲဒီနေရာကို ပြန်ရှာကြည့်တော့ ခြေနှစ်ချောင်းနဲ့ လူစွမ်းကောင်းတွေ လက်နက်ငယ်လေးတွေကိုင်လို့။
မိမဲ့ ဖမဲ့ အဲဒီ လက်နက်က ဘယ် နတ်မင်းက ဖန်ဆင်းလိုက်သလဲ။ ကျွန်တော် စကားမပြောဘူး မေမေ။ ဒီလူက လူမဟုတ်ဘူး။
ဟိုးရှေးရှေးတုန်းက သူမ သိပ်နုပျိုတယ်။ သူမ ကွေ့ကောက်နေတဲ့ ဆံနွယ်လေးတွေ တစ်ဖြေးဖြေး လျော့ပါး။
ဟိုးရှေးရှေးက သူမ ကောက်ကြောင်းထင်ရှားတဲ့ အရာတွေ တအိအိပြိုကြ။ မဟုတ်ဘူး ဖြိုချခံရတယ်။ သူမ နည်းနည်း လူးလွန့်ခွင့်ပြုပါ။
သူမ ရဲ့ စိုပြေမှု အခု ... ။ မေမေ သူမ တစ်ခါတစ်လေ ညဉ်းညူပါစေ။
သူတို့က ကျွန်တော်တို့က ကိုယ့်အနာမှ နာတယ် ထင်တတ်ကြတာလေ။ ဒါဆိုလည်း မကြာမှီလာမည်မျှော်ပေါ့။
သူမရင်တုန်ပန်းတုန်နဲ့ ခါခါ ချလိုက်တဲ့ အခါမှာ ... ။ မေမေ အပြစ်မဲ့ သူတွေနဲ့ အပြစ်နဲ့ သူတွေ ရွေးချယ်ခွင့်မရှိပါဘူးလေ။
မမှန်မကန်ဆိုတဲ့ စကားရပ်ကို အထပ်ထပ်ရွတ်ဆို သူ့လက်ထဲမှာ ... ။
မေမေရေ ...... ဒီနေ့တော့ ဒီလောက်ပါပဲ ... ။
ဘယ်လိုနေ့ရက်ရောက်ရင် ဘယ်လို ကခုန်ရမယ် ဆိုတာလောက်တော့ ခရီးပေါက်နေပါပြီ။ လွတ်လပ်မှုတွေ ။ လစ်လပ်မှုတွေ။ ခရီးပေါက်နေပါပြီ။
မေမေရေ သစ်သစ် မသစ်သစ် သားတို့ မျက်နှာသစ်ကြည့်ကြစို့။
(နေနှင်းစက်)